နေထိုင်ခွင့်ကျော်တဲ့ ရွှေလီက မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရပြီး နေ့စဉ်ပြန်ပို့နေ

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတပ်ဖွဲ့က ဆက်တိုက်ဖမ်းဆီးနေပြီး မြန်မာနိုင်ငံဘက် ပြန်ပို့နေတယ်လို့ မူဆယ်နယ်စပ်မှာ နေထိုင်သူတွေက ပြောပါတယ်။

ဒီရက်ပိုင်း တစ်ရက်ကို မြန်မာနိုင်ငံသား အနည်းဆုံး တစ်ရာကျော် ပုံမှန်ပြန်ပို့ခံနေရတယ်လို့ မူဆယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်က သူတို့ တစ်ရက်ကို ငါးဆယ်ဆို ငါးဆယ် အဲလို ပစ်မှတ်ထားပြီးဖမ်းတာ။ အခုက အရင်လို ကန့်သတ်ချက် မထားတော့ဘူး။ မြန်မာတွေနေတဲ့ ရပ်ကွက်တွေအထဲအထိဝင်စစ်ပြီး ရက်လွန်တယ်ဆိုတာနဲ့ တစ်ခါတည်း ဖမ်းခေါ်ပြီး မူဆယ်နယ်စပ်ကို လာပို့တာ”

ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား အရေအတွက် အတိအကျကိုတာ့ ဒေသခံတွေအနေနဲ့ မသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရွှေလီနဲ့ မူဆယ်ကို တစ်ပိုင်တစ်နိုင် ကုန်သွယ်နေသူတစ်ဦးကလည်း နေထိုင်ခွင့်သက်တမ်းလွန်သူတွေ နေရပ်ပြန်ဖို့ တရုတ်ဘက်က မေလအထိ ခွင့်ပြုထားပြီး မေလကုန်ရင်တော့ ဖမ်းဆီးအရေးယူတာတွေလုပ်မယ်လို့ RFA ကို ပြောပါတယ်။

“စာအုပ်သက်တမ်းကုန်တဲ့သူတွေကို အခုက ဒီအတိုင်းဖမ်းပြီး နယ်စပ်ကို ပို့ပေးတာ။ ဒါတောင် စာရွက်စာတမ်းကြေးဆိုပြီး တရုတ်ယွမ်နှစ်ရာလောက် ပေးရသေးတယ်။ မေလကုန်ရင်တော့ အခုလို ပြန်မပို့တော့ဘဲ သူတို့ဥပဒေအတိုင်း အရေးယူမယ်လို့ သတင်းထွက်နေတယ်။ တရုတ်ဘက်ကတော့ အတိအကျ စာထုတ်တာမျိုးတော့ မရှိသးဘူး”

တရုတ် - မြန်မာ နယ်စပ်ဖြတ်သန်းခွင့်ကို ခြောက်ညအိပ်ခုနစ်ရက်သာ ခွင့်ပြုတာဖြစ်ပြီး ဒီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေနဲ့ တရုတ်နိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်ခွင့် မပြုထားပါဘူး။

မြန်မာနိုင်ငံသားတွေ အခုလို ပြန်ပို့ခံနေရတဲ့အပေါ် အတိအကျကျသိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြန်မာနိုင်ငံသားတွေကို တရုတ်နိုင်ငံဘက်က အခုလို ဖမ်းဆီးပြီး နေရပ်ပြန်ပို့နေပေမယ့် မူဆယ်မြို့မှာတော့ တရုတ်နိုင်ငံထဲဝင်ဖို့ လူဦးရေ ထောင်နဲ့ချီ နေ့စဉ်စောင့်ဆိုင်းနေဆဲလို့ မူဆယ် ဒေသခံတွေက ပြောပါတယ်။