မြဝတီမြို့မှာ ရေကြီးရေလျှံမှု အဆိုးရွားဆုံးကြုံနေရ
2024.09.10
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်တင်ဘာလ ၁၀ ရက် မနေ့ညက သောင်ရင်းမြစ်ရေ မြင့်တက်လာပြီးနောက် နေအိမ်ခေါင်မိုးတွေ ရေမြုပ်သွားသည်အထိ ရေကြီးရေလျှံမှု အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် အထက် ရှစ်ပေကျော်အထိ မြင့်တက်နေပြီး နောက်တစ်ရက်အတွင်း သုံးပေခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ စက်တင်ဘာလ ၁၁ ရက် ဒီနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။
သောင်ရင်းမြစ်အနီး မြဝတီမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် (၁)၊ အမှတ် (၂) နဲ့ အမှတ် (၅ ) ရပ်ကွက်တွေမှာ ရေနစ်မြုပ်နေပြီး ရေးဘေးသင့်သူတွေဟာ ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရွှေ့ပြောင်းနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ရေက ညတွင်းချင်း တက်လာတာ။ ရေတက်တာလည်းမြန်တယ်။ ကယ်ဆယ်ရေးတွေလုပ်နေရတယ်။ မနေ့ညက ရေတက်မယ်ဆိုတာသိလို့ အဲဒီရပ်ကွက်ကလူတွေကို အကုန်ပြောင်းခိုင်းတာ။ တချို့က မပြောင်းကြတော့ အခုမှ ရွှေ့ရတာပေါ့။ အိမ်အလုံးလိုက် ရေမြုပ်သွားပြီလေ။ အဲဒါတွေကို ကူညီကယ်ဆယ်ရေးလုပ်နေပါတယ်”
လက်ရှိအခြေအနေအရ မြဝတီမြို့မှာ ရေဘေးဒုက္ခသည် ငါးထောင်ထက်မနည်း ရှိနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ရေကြီးရေလျှံမှုဟာ မြဝတီမြို့ ညဈေးနားအထိ ရေကြီးနစ်မြုပ်မှုတွေရှိလာပြီး မြဝတီမြို့မှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ကလော၊ မိုင်းကိုင်နဲ့ အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်မြို့တွေမှာလည်း စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ သောင်ရင်း၊ ဘီးလင်းနဲ့ ပဲခူး မြစ်ရေတွေ မြင့်တက်လာနိုင်တာကြောင့် ကရင်၊ ပဲခူးနဲ့ မွန်ပြည်နယ်က မြို့ခုနစ်မြို့မှာ မြစ်ရေကြီးမှုတွေ ဆက်ဖြစ်မယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။