တိုက်ပွဲတွေနီးကပ်လာလို့ မြ၀တီ ဒေသခံတချို့ မြို့ကိုစွန့်ခွာ

RFA Burmese
2024.04.08
တိုက်ပွဲတွေနီးကပ်လာလို့ မြ၀တီ ဒေသခံတချို့ မြို့ကိုစွန့်ခွာ မြဝတီမြို့ အမှတ် ၁ တံတားတွင် ဖြတ်သန်းရန် စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ် မြဝတီမြို့အနီးက သင်္ဃန်းညီနောင် အခြေချဗျူဟာကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းယူပြီးနောက် မြဝတီမြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်တာကြောင့် ဧပြီလ ၇ ရက်နေ့ကစလို့ မြို့ခံတချို့ နေရပ်စွန့်ခွာကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်လမ်းမတွေမှာတော့ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြ၀တီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့ပေါ်မှာက ဘယ်လို အခြေအနေမှန်း မသိဘူး။ အဓိကတော့ ပိုက်ဆံရှိတဲ့သူတွေ၊ စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေ ရှောင်တယ်။ မြို့အလယ်မှာပေါ့။ ထွေအုပ်ရုံးရှိတဲ့နေရာအနီးက နေအိမ်က ဒေသခံတွေလည်း ရှောင်တိမ်းကုန်ပြီ”

မြဝတီမြို့က နေရပ်စွန့်ခွာတဲ့ အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူက ဆိုပါတယ်။

မြဝတီမြို့မှာ ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးတွေမှာလည်း ဝင်ထွက်သွားလာခွင့် ပိတ်ထားသလို ရပ်ကွက်အုပ်ချုပ်ရေမှူရုံးတွေလည်း မနေ့ကစလို့ ပိတ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်နဲ့ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) ပူးပေါင်းတပ်က ယာဉ်တန်းတွေနဲ့ ကင်းလှည့်နေပြီး မြို့တွင်းနေရာတချို့မှာလည်း စစ်ဆေးရေးတွေ လုပ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မြဝတီမြို့အနီးက စစ်ကောင်စီ တပ်စခန်းတွေ သိမ်းပိုက်ခံထားရပြီး မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ ၂၇၅ နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့က စစ်ရေးအခြေအနေတွေ သိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။