ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းကျေးရွာမှာ မတ် ၈ ရက် မနေ့က နေ့လယ်က မိုင်းထိပြီး ညာဘက် ခြေထောက် ပြတ်သွားတဲ့သူကို ဒီနေ့မှာ စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။
ဒဏ်ရာရသူဟာ အသက် ၂၇ နှစ်အရွယ် ဦးစိုးလင်းနိုင် ဖြစ်ပါတယ်။ ဒဏ်ရာပြင်းထန်တာကြောင့် ဒီနေ့မနက် ကတည်းက ကမ်းထောင်းကြီးဆေးရုံကနေ စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်တာဖြစ်ပြီး ဒီနေ့ ညနေပိုင်းမှ ရောက်ရှိလာခဲ့တာပါ။
သူဟာ မနေ့က နေ့လယ် ၂ နာရီကျော်က ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ တောထဲမှာ သစ်ခုတ်သွားစဉ် မိုင်းနင်းမိ လို့ အခုလို ဒဏ်ရာအပြင်းအထန် ရသွားခဲ့တာဖြစ်တယ်လို့ ယောက္ခမဖြစ်သူ ဦးရွှေကြည်က ပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မှာ အခု မတ်လ ၅ ရက်နေ့ကလည်း စစ်လက်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ကလေး နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။
RFA က ရရှိထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ မနေ့က မတ်လ ၉ ရက်နေ့အထိ စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးတဲ့အရပ်သား ၃၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့အရပ်သား ၇၁၈ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။