နေပြည်တော်လေတပ် တိုက်ခိုက်ခံရမှုအပြီး ဒေသခံတချို့ ဖမ်းဆီးခံထားရ

RFA Burmese
2024.04.23
နေပြည်တော်လေတပ် တိုက်ခိုက်ခံရမှုအပြီး ဒေသခံတချို့ ဖမ်းဆီးခံထားရ နေပြည်တော်က အေလာလေတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် ရှော့တိုက်ဒုံးများကို တွေ့ရစဉ်။
Brave Warriors for Myanmar-BWM

နေပြည်တော်က အေလာလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်တိုက်ခိုက်ခံရပြီးနောက် လေတပ်အနီးမှာရှိတဲ့ ရွာနှစ်ရွာက ဒေသခံခုနစ်ဦး ဖမ်းဆီးခံထားရတယ်လို့ နေပြည်တော်မြို့ခံတွေက ဧပြီလ ၂၃ ရက်နေ့မှာ ပြောပါတယ်။

အေလာလေတပ်စခန်း တိုက်ခိုက်ခံရတဲ့နေ့မှာပဲ အနီးတစ်၀ိုက်ရွာတွေက ဒေသခံအများအပြားကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဲဒီအထဲက ယောက်ျားလေးခုနစ်ဦး ဆက်လက်ဖမ်းဆီးခံထားရတာလို့ ဒီကိစ္စကိုသိတဲ့ နေပြည်တော်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“အဲဒီဟာဖြစ်တဲ့နေ့ကတည်းက အဲဒီနားကရွာတွေကို ဝင်မွှေတာပေါ့။ တစ်အိမ်တစ်ယောက် ယောက်ျားလေးတွေခေါ်သွားတာ။ ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင် ရှိတဲ့မိန်းကလေး ခေါ်တယ်ပေါ့။ သက်ကြီးကြီးတွေပဲ ကျန်တယ်။ ခေါ်ပြီးတော့ စစ်တာပေါ့။ အခုလက်ရှိ ခုနစ်ယောက် ဖမ်းခံထားရတယ်ဆိုတော့ ကျန်တဲ့သူတွေကတော့ ပြန်လွှတ်ပေးတဲ့သဘောပေါ့”

ဖမ်းဆီးခံထားရတဲ့ ဒေသခံအမျိုးသားခုနစ်ဦးက အေလာလေတပ်စခန်းနဲ့ လေးမိုင်ခန့်ဝေးတဲ့ ဗွက်ကြီးရိုးရွာနဲ့ ရှမ်းရွာမှာနေထိုင်သူတွေဖြစ်ပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ နေပြည်တော်ကောင်စီနယ်မြေ ပြောခွင့်ရသူ ညွှန်ကြားရေးမှူး ဦးသူအောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဧပြီလ ၁၁ ရက်က အေလာတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်တန်းသူရဲကောင်းများ ကာကွယ်ရေးတပ်ဖွဲ့(MKCDF) ထုတ်ပြန်ထားပြီး စစ်ကောင်စီကတော့ လေတပ်မှာ ထိခိုက်မှုမရှိဘူးလို့ ပြောဆိုထားပါတယ်။

ဧပြီလ ၄ ရက်နေ့ကလည်း အေလာလေတပ်နေရာအပါအဝင် နေပြည်တော်က စစ်ရုံးချုပ် (ကက - ကြည်း) တို့ကို NUG လက်အောက်ခံ တပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။