"လူမျိုးတုံးသတ်ဖြတ်မှု လမ်းပေါ်ကို သွားနေတဲ့ မြန်မာနိုင်ငံ"လို့ အမည်ပေးထားတဲ့ Online ပြပွဲတခုကို အမေရိကန်နိုင်ငံရှိ Holocaust ခေါ် ဂျူးလူမျိုးများကို ဂျာမနီ နာဇီတွေက အဆိပ်ငွေ့နဲ့ လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ အထိမ်းအမှတ်ပြတိုက်ကနေ မေလ ၁၉ ရက်မနေ့က စတင်ပြသလိုက်ပါတယ်။
ဒီပြပွဲဟာ ဗုဒ္ဓဘာသာဝင်လူများစုရှိတဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်များကို နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့တဲ့ ဖြစ်ရပ်တွေဖြစ်ပြီး မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေကို မီးမောင်းထိုးပြထားတဲ့ ပွဲဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို နှုတ်ဆိတ်စေပြီး ဖျောက်ဖျက်လိုက်တာလို့ ၁၄နှစ်အတွင်း ရိုဟင်ဂျာတွေ နေထိုင်တဲ့နေရာကို ၁၆ ကြိမ်တိုင်တိုင် သွားရောက်ပြီး မှတ်တမ်းတင်ခဲ့တဲ့ ဒီပြပွဲရဲ့ ပြတိုက်မှူး Greg Constantine ကပြောပါတယ်။
အခုပြပွဲဟာ ရိုဟင်ဂျာလူမျိုးတွေရဲ့ အသိုင်းအဝိုင်းနဲ့ သူတို့ အခွင့်အရေးတွေအကြောင်းကို ပြောပြမှာပါ။ အခုပြသနေတဲ့ ပြပွဲနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်ကတော့ ကမ္ဘာ့အသိုင်းအဝိုင်းက ရိုဟင်ဂျာတွေကို မေ့မထားကြောင်း ပြသတာဖြစ်တယ်လို့ ပြောပါတယ်။ အခု ၂၁ ရာစုမှာ လူမျိုးတုံးသတ်ဖြတ်နေတာရှိတယ်ဆိုတာ ကမ္ဘာက သိဖို့ လိုတယ်လို့လည်း ဦးထွန်းခင်က ဆက်ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၁၃နဲ့ ၂၀၁၇တွေမှာ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြေးခဲ့ရပါတယ်။ ၂၀၁၇မှာတော့ အခြေအနေဟာ အတော့်ကိုဆိုးဝါးခဲ့ပါတယ်။ ARSAအဖွဲက မြန်မာရဲစခန်းတွေကို တိုက်ခိုက်မှုအပြီးမှာ မြန်မာစစ်တပ်အတွက် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ အခွင့်သာသွားပါတယ်။ သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ၊ ရွှေ့ပြောင်းခံရမှုများ ဖြစ်ခဲ့တာကြောင့် လူပေါင်း တသန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြေးခဲ့ကြရပါတယ်။ မြန်မာပြည်မှာကျန်ရစ်သူ ရိုဟင်ဂျာတွေမှာလည်း အန္တရာယ်အပြည့်ရှိနေဆဲပါ။
အခုပြပွဲမှာ ဖြစ်ပျက်မှုတွေအတွက် အပြည့်အစုံမဟုတ်ပေမယ့် လာရောက်ကြည့်ရှုသူတွေ အကြောင်းစုံကို သိရှိသွားမှာဖြစ်ပါတယ်။ပြပွဲမှာ ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံရတဲ့ သမိုင်းစဉ်၊ တဦးချင်းစီ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်တချို့ကိုလည်း တင်ပြထားပါတယ်။အဲ့ဒီမှာ ရခိုင်ပြည်နယ် မောင်နုရွာခံတွေရဲ့ အဖြစ်အပျက်တချို့ပြောပြချက်တွေကို ကြားရမြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
ပြပွဲကို အခန်းကြီးငါးခန်းခွဲပြီး ပြသထားပါတယ်။ အဲ့ဒီမှာ သမိုင်းဖြစ်စဉ်တွေအပြင် မြန်မာနိုင်ငံသားဘဝကနေ လူမျိုးခြားအဖြစ် တွန်းပို့ခံရတဲ့ အခြေအနေများ တိုက်ခိုက်ခံရမှုများ၊ သတ်ဖြတ်မှုများ၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရမှုများ နဲ့ မြန်မာအာဏာပိုင်တွေက လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို ငြင်းပယ်ပြီး ပြဿနာရဲ့ အဖြေထုတ်လိုက်ပုံတွေကို ဖော်ပြထားပါတယ်။