ရွှေကူမှာ စစ်သင်္ဘောတစ်စင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့ တိုက်ခိုက်

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘောတစ်စင်း မီးလောင်ပျက်စီးပြီး စစ်တပ်ဘက်က တပ်သားတချို့ ထိခိုက်ဒဏ်ရာရဟုဆို။

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစ်စင်း ပျက်စီးသွားပြီး စစ်တပ်ဘက်က ထိခိုက်မှုတွေ ရှိတယ်လို့ KIA က အတည်ပြုပြောပါတယ်။

ဗန်းမော်မြို့ကို စစ်အင်အားနဲ့ ရိက္ခာတွေ အလွယ်တကူ မရောက်နိုင်အောင် ကြားဖြတ်တိုက်ခိုက်နေတာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“ဒီကနေ တိုက်ခိုက်နေလို့ မတက်နိုင်ဖြစ်နေတာ။ မတိုက်ခိုက်ရင် သူတို့က တန်းတက်သွားမှာပေါ့။ မနေ့က (ဩဂုတ် ၂၉ ရက်) လည်း သူတို့အဖွဲ့တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်တာ။ ဒါကြောင့် လုံခြုံရေး မရှိတော့ဘူးလေ။ အဲဒါကြောင့် တိုက်ခိုက်ရေးသင်္ဘောတောင် ပြန်ခေါက်သွားတာ။ အခုလောလောဆယ် ရွှေကူမှာပဲ ရပ်နေတာ၊ ရွှေကူကနေ ဆက်မတက်သေးဘူး”

ဩဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ရွှေကူမြို့ဆိပ်ကမ်းမှာ ကမ်းကပ်ရပ်နားထားတဲ့ ရိက္ခာတင် စစ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစ်စင်း မီးလောင်ပျက်စီးသွားပြီး စစ်တပ်ဘက်က တပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KIA က ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။

အလားတူ ဩဂုတ် ၂၉ ရက် မနက်အစောပိုင်းကလည်း ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာနဲ့ စစ်ကူအင်အား တင်ဆောင်လာတဲ့ စစ်သင်္ဘောတွေ ဇင်းဘုံရွာမှာ ကမ်းကပ်ရပ်နားနေချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောနှစ်စင်းလုံး နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

စစ်သင်္ဘောတွေပေါ်ကနေ သိမ်းဆည်းရရှိထားတဲ့ စစ်လက်နက်ခဲယမ်းတွေနဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ဗိုလ်မှူးကြီး နော်ဘူက အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်တပ်ဘက်က ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်ကတည်းက မန္တလေးကနေ ဗန်းမော်မြို့ကို စစ်ကူပို့နိုင်ဖို့ စစ်လက်နက်၊ ရိက္ခာနဲ့ လူအင်အား ရာနဲ့ချီ တင်ဆောင်လာတဲ့ စစ်သင်္ဘော ၁၄ စင်းဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက်ကို ဆန်တက်လာတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်က စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေကို စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ကုန်းလမ်းကနေ ပို့ဆောင်လို့မရအောင် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မြို့တွေနဲ့ လမ်းပိုင်းတွေကို သိမ်းပိုက်ဖြတ်တောက်ထားတာကြောင့် စစ်တပ်ဟာ ဗန်းမော်မြို့တိုက်ပွဲအတွက် လိုအပ်တဲ့ စစ်လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ အင်အားတွေကို ရေကြောင်းကနေ တစ်နှစ်တစ်ကြိမ် ပို့ဆောင်နေရတယ်လို့ KIA က ဆိုပါတယ်။