မြို့ရွာ ဆိုင်းဘုတ်များမှာ ပါတီအမည်ထည့်သွင်းမှု တရားမဝင်


2015.02.02

မြို့နယ်နဲ့ ကျေးရွာအတော်များများရဲ့အမည်တွေမှာ နိုင်ငံရေးပါတီတစ်ခုရဲ့အမည်ကိုထည့်သွင်းပြီး ဆိုင်းဘုတ် တပ်ဆင်တာဟာ ပြည်ထောင်စုအစိုးရက တရားဝင်ခွင့်ပြုထားတာမဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။

နိုင်ငံရေးပါတီကြီးတစ်ခုက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြို့နယ်တွေနဲ့ ကျေးရွာတချို့ရဲ့ အမည်တွေမှာ သူတို့ရဲ့ပါတီအမည်တွေကိုထည့်သွင်းပြီး ဆိုင်းဘုတ်တပ်ထားတာကို အစိုးရက အရေးယူဖို့ ရှိ၊ မရှိ ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မေးမြန်းရာမှာ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားတဲ့ တိုင်းဒေသကြီး ပြည် နယ် မြို့ ရပ်ကွက် ကျေးရွာ ကျေးရွာအုပ်စု ကျေးရွာအမည်များကိုသာ အတည်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားပြီးလည်းဖြစ်ပါတယ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အတည်ပြုထားတဲ့ အမည်စာရင်းများအတိုင်းသာ လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားသွားမှာဖြစ်ပါတယ်၊ ဒီညွှန်ကြားချက်အပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များကလည်း ဆက်လက်ပြီး ဒီညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်တဲ့အခါမှာ အမိန့်တွေ ညွှန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက်ပြီး တကယ်လို့ဆောင်ရွက်ခြင်း မရှိရင်တော့ သက်ဆိုင်ရာ တည်ဆဲ ဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်"

ပဲခူး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ အမည်နဲ့ ပြည်ခိုင်ဖြိုးရွာ ၊ ပြည်ခိုင်ဖြိုးမြို့ဆိုပြီး အမည်တွေ ထည့်သွင်းထားတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။