မြစ်ကြီးနားထောင်ဖြိုခွဲမှုကြောင့် သေဆုံးမှုမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပါဝင်

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်တွင်း အဓိကရုဏ်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် သေဆုံးသူ အနည်းဆုံးခြောက်ဦးရှိပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)က ဧပြီလ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီအဓိကရုဏ်းမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံမပို့ဘဲ မီးသတ်ဌာနက ကားတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို သယ်သွားတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်တာဝန်ခံ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

"စစ်ကောင်စီက ထုတ်ပြန်တာကတော့ လေးဦးသေတယ်လို့ထုတ်ပြန်ထားတယ်၊ လက်ရှိမြေပြင်မှာတော့ ခြောက်ဦးကနေ ရှစ်ဦးရှိနိုင်တယ်၊ နောက်ထပ်တစ်ဦးက အသက်အန္တရာယ်ရှိနေပြီး မမှီလောက်တဲ့အခြေအနေထိဖြစ်နေတယ်၊ အဲလူတွေအားလုံးကို မြစ်ကြီးနားက ပြည်သူဆေးရုံကို မပို့ဘဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်တပ်ဝန်းထဲ ခေါ်သွားတာဖြစ်တယ်၊ အဲမှာ အသက်အန္တရာယ်စိုးရိမ်ရတာက ငါးဦး၊ အပြင်းအထန်ဒဏ်ရာရပြီး ဆေးဝါးကုသဖို့လိုအပ်တာ ဆယ်ဦး၊ အဲထပ်လည်း တိုးနိုင်တယ်၊ ဒီနေ့(ဧပြီ ၁၉) ညနေ ၃ နာရီလောက်ထိ မီးသတ်ဌာနပိုင် ကားတွေနဲ့ သေတဲ့လူတွေနဲ့ ဒဏ်ရာရတဲ့သူတွေ သယ်သွားတာကို မျက်မြင်သက်သေတွေ ရထားတယ်"

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အချက်အလက်အသေးစိတ်ကိုတော့ PPNM က ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအကျဉ်းထောင်အတွင်းမှာ အကျဉ်းဦးစီးဝန်ထမ်းတွေဖြစ်တဲ့ ရဲနဲ့ စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာ ဖြစ်တယ်လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာ မျှတမှု မရှိဘူးဆိုပြီး အကျဥ်းသားတွေက ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းကစလို့ ထောင်တွင်းဆန္ဒပြနေစဥ် ညနေပိုင်းမှာ ထောင်အာဏာပိုင်တွေဘက်က ပစ်ခတ်နှိမ်နင်းတာကြောင့် လေးဦးကနေ ခြောက်ဦးအထိ သေဆုံးခဲ့ပြီး ငါးဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရင်ဆိုင်နေရသလို နောက်ထပ် ဆယ်ဦးဟာလည်း အရေးပေါ် ဆေးကုသဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အကျဉ်းထောင်တွင်း လုံခြုံရေးအား အင်အားတိုးမြှင့်ချထားပြီး အကျဉ်းထောင်အတွင်း အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းတွေကို မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးက ဦးဆောင်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီကတော့ မြစ်ကြီးနား ထောင်တွင်းအဓိကရုဏ်းမှာ အကျဉ်းသား လေးဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူတွေကို မြစ်ကြီးနားဆေးရုံကို ပို့ထားကြောင်း ဧပြီ ၁၉ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနား အကျဥ်းထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ခဲ့ပါတယ်။

အဲဒီအထဲမှာ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ နိုင်ငံရေးအကျဥ်းသား သုံးဦးသာ ပါဝင်ပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ကတော့ အဲဒီညမှာပဲ ပြန်လည်ဖမ်းဆီးခံထားရပါတယ်။