ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ကန့်ကွက်ဆန္ဒပြဖို့ စာတင်

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တာကို ရပ်ကွက်သူ ရပ်ကွက်သားတွေက မကျေနပ်တာကြောင့် လူ ၂၀၀ လောက် ကန့်ကွက်ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းကို ဒီကနေ့ စာတင်လိုက်တယ်လို့ သိရပါတယ်။

ရပ်ကွက်သူ ရပ်ကွက်သား ၂၀၀ လောက်ဟာ အခုလ ၁၇ ရက်နေ့မှာ လှော်ကား ပြည်ထောင်စုလမ်းကနေ စက်မှုဇုန် (၁)အထိ ချီတက်ဆန္ဒပြဖို့မြို့နယ်ရဲစခန်းမှာ လျှောက်ထားလိုက်ကြတာ ဖြစ်တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင်မယ့် ကိုမြတ်ကျော်က RFA ကို ဒီကနေ့ ပြောပါတယ်။

အခုနှစ်အတွင်း လွှတ်တော်က တရားဝင်အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေအရ အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ရာမှာ ပြည်သူတွေသိအောင် ပွင့်ပွင့်လင်းလင်းနဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်ရမယ်လို့ ညွှန်ကြားထားပေမယ့် တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်အပ်ဖို့ အခုလ ၈ ရက်နေ့က ရွေးချယ်ရာမှာတော့ ရပ်ကွက်က မနှစ်သက်တဲ့သူကို အခန်းတံခါးပိတ်ပြီး တိတ်တဆိတ် ရွေးချယ်လိုက်တဲ့အတွက် မကျေမနပ် ဖြစ်ကြရတာလို့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ပြောပါတယ်။