မန္တလေး အိုးဘိုထောင်တွင်း ဆန္ဒပြသူတွေ အရေးယူ ခံရနိုင်ဖွယ်ရှိ

ရှစ်လေးလုံးအရေးတော်ပုံ (၃၃) နှစ်ပြည့်တဲ့ သြဂုတ် ၈ ရက် မနေ့ည ၉ နာရီ အချိန်လောက်က မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဦးဆောင်တဲ့ ထောင်တွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ဆန္ဒပြ ကြွေးကြော်သံတွေကို ထောင်ပြင်ပ လူနေအိမ်တွေကနေ ကြားခဲ့ရတယ်လို့ ထောင်အနီး တစ်ဝိုက် နေထိုင် သူတွေက ပြောပါတယ်။

ကြွေးကြော်သံတွေကြားရပြီးတဲ့နောက်မှာ စစ်ကားတွေ ထောင်ထဲဝင်သွားပြီးတဲ့နောက် သေနတ် ပစ်ခတ်သံ တွေ ကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိုးဘိုထောင်အနီး နေထိုင်သူ တစ်ယောက်က RFA ကို ပြောပါတယ်။

“ထောင်နားမှာ နေတာပါ။ ၉ နာရီ ၁၅ လောက်မှာ ကြွေးကြော်သံတွေ ထွက်လာတယ်။ ထွက်လာပြီးတော့ သေနတ်သံလည်း ကြားရတယ်။ အဲဒါပြီးတော့ တရားခွေတွေ ထဖွင့်လိုက်တော့ ဘာမှ ထပ်မကြားရ တော့ဘူး။ ၁၀ နာရီခွဲလောက်မှာ ဝင်သွားတာတော့ မတွေ့လိုက်ဘူး။ အပြင်ပြန်ထွက်လာတော့ တွေ့လိုက် ရတယ်။ စစ်ကားသုံစီးနဲ့ အိမ်စီးကား လေးစီး၊ အောင်ချမ်းသာ ရပ်ကွက်ဘက်ကနေ GTC ကျောင်းဘက် ထွက်သွားတယ် ပြောတယ်။ တချို့ပြောကြတာတော့ ရိုက်ခံရတဲ့သူတွေလည်း ရှိတယ် ပြောကြတယ်။”

ဒီကိစ္စအသေးစိတ် သိနိုင်ဖို့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အကျဥ်းသားတွေကို ရိုက်နှက် တိုက်ပိတ်တာမျိုးမရှိဘဲ ခေါင်းဆောင်ဘယ်သူလည်း ဆိုတာကို ဖော်ထုတ်အရေးယူဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

“မနေ့ညက မန္တလေး ဗဟိုအကျဥ်းထောင်မှာ ထောင်ထဲမှာရှိတဲ့ အဆောင်က အချုပ်သားတွေပေါ့ သူတို့က ည ၉ နာရီ မီးပိတ်ဖို့ သံချောင်းခေါက်တဲ့အချိန်မှာ ကြွေး‌ကြော်သံတွေ အော်တယ်၊ ပြီးလို့ရှိရင် သီချင်းဆို တယ်။ သူက ဖြစ်တာက ၉ နာရီမှာ ဖြစ်တယ်။ ၉ နာရီ ၅ မိနစ်မှာ ပြီးသွားတယ်။ တာဝန်ခံ အရာရှိရဲ့ သုံးသပ်ချက် ကျနော်တို့ရဲ့ သုံးသပ်ချက်ကတော့ မနေ့ကကျတော့ ၈ ရက် ၈ လပေါ့နော်။ သူတို့ရဲ့ အထိမ်းအမှတ် ရက်ပေါ့။ ည ၉ နာရီ အိပ်ဖို့ပြောတဲ့အချိန်မှာ ထောင်ထဲမှာရှိတဲ့ လူ အယောက် ၃၀၊ ၄၀ လောက်က ကြွေးကြော်သံ လုပ်တယ်။ သီချင်းဆိုတယ် ဒါပဲ။ အဲဒါ သူတို့က ရပ်ဖို့ပြောတာ ပြောလို့မရတော့ တာဝန်ခံအရာရှိကို ပြောလိုက်တော့ တာဝန်ခံအရာရှိနဲ့အဖွဲ့လည်း ရောက်သွားရော သူတို့က အဲမှာ မလုပ် တော့ဘူး ပြီးသွားတာ။ ဒဏ်ရာ ရစရာလည်း မရှိဘူး။ တိုက်ပိတ်စရာလည်း မရှိဘူး။ ကြွေး‌ကြော်တဲ့အထဲမှာ သီချင်းဆိုတဲ့အထဲမှာ ပါဝင်တဲ့လူတွေကို ကျနော်တို့က ရွေးချယ်စိစစ်တာပေါ့။ ဘယ်သူတွေလဲပေါ့။ ဒါမျိုးတွေ စိစစ်တာရှိတယ်။ ဒီလောက်ပဲရှိတယ်”

အဲဒီလို စိစစ်ပြီးရင်တော့ ခေါင်းဆောင်လုပ်သူတွေကို အကျဥ်းထောင်ဥပဒေအရ အရေးယူမယ်လို့ သူက ဆိုပါတယ်။ ဘယ်လို အရေးယူမယ်ဆိုတာကိုတော့ မသိသေးဘူးလို့ ဦးချမ်းအေးကျော်က ပြောပါတယ်။

ဦးချမ်းအေးကျော်က ရိုက်နှက်တိုက်ပိတ်တာ မရှိဘူးလို့ ငြင်းဆိုသွားပေမယ့် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် တစ်ယောက်ကတော့ ထောင်တွင်း ဆန္ဒပြမှုကြောင့် ရိုက်နှက်တိုက်ပိတ်ခံရသူ အတော်များတယ်လို့ RFA ကို ပြောပါတယ်။

"ကြားရတဲ့ သတင်းတွေအရဆိုရင် အရိုက်ခံရသူတွေလည်း အများကြီးပဲ။ တိုက်ပိတ် ခံရသူတွေလည်း ရှိတယ် ကြားတယ်။ ဘယ်သူတွေ တိုက်ပိတ်ခံရတယ်။ အရိုက်ခံရတယ် ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး။ အခု လောလောဆယ် သိရသလောက်တော့ ကျောင်းသား လူငယ်တွေထားတဲ့ အဆောင် (၃) ကနေပြီးတော့ ဆန္ဒပြပွဲစတယ်လို့ သိရတယ်။ ၈၈၈၈ ကြောင့်နဲ့ ကိုဗစ်ကြောင့်ဆန္ဒပြတာဖြစ်မယ်"

အိုးဘိုးထောင်အတွင်း အခြေအနေတွေနဲ့ပတ်သက်ပြီး မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ပြန်လွတ်ပေးဖို့၊ အခုလို ကိုဗစ်တတိယလှိုင်း မထိန်းချုပ်နိုင်ပဲ ဖြစ်နေချိန်မှာ နိုင်ငံရေးအကျဉ်းသား တွေအတွက် ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ကုသရေး အပါအဝင် ထောင်တွင်း ပုံမှန်ဆေးကုသခွင့် အပြည့်အဝ ရရှိဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက် ဖိနှိပ်တာတွေ ရပ်တန့်ဖို့ စတဲ့ တောင်းဆိုချက် သုံးချက်ကို မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီကနေ့ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

o-bo prison
(မန္တလေး အိုးဘိုထောင်ကို ၂၀၁၉ မေ ၉ ရက်နေ့က တွေ့ရစဉ်) Photo: RFA

ထောင်တွင်းမှာ ဆန္ဒပြကြတဲ့အခါ ထောင်ပိုင်တွေ၊ အာဏာပိုင်တွေဟာ ဆန္ဒပြ အကျဉ်းသားတွေကို ရက်ရက် စက်စက် ညှဉ်းပန်းနှိပ်စက်လေ့ ရှိတာကြောင့် လက်ရှိ အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားတွေရဲ့ မိသားစုတွေက စိုးရိမ်ပူပန်နေပါတယ်။

နေအိမ်မှာ ဓားတွေ့ရှိတာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဆိုင်းဘုတ်တွေ့လို့ဆိုပြီး မိသားစုဝင် နှစ်ဦး အိုးဘိုထောင်မှာ အဖမ်းခံထားရတာမို့ စိတ်ပူမိတယ်လို့ မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။

"မနေ့က ထောင်မှာ ဆန္ဒပြအချိန် အိမ်ကလည်း စိတ်ပူတာပေါ့၊ အခုအသံကြားတာ ထောင်ထဲမှာ သေဆုံး သူတောင်ရှိတယ်လို့ ကြားတယ်။ သူ့တို့ပစ်လိုက်လို့ သေတယ်ပေါ့၊ ဒီလိုတွေကြားနေရချိန်မှာ စိတ်ပူမိတာ အမှန်ပဲ။ တခြားတော့ ဘာမှမကြားရသေးဘူး။ ရှေ့နေက တစ်ဆင့်မေးတော့ အခုအချိန်မှာ ဘာမှ မသိရ သေးဘူး။ အိမ်က မိသားစုတွေက ၅၀၅ ပုဒ်မ အတပ်ဖမ်းခံထားရတာပါ။"

မန္တလေးအိုးဘိုးထောင်က နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြနေတဲ့သတင်းတွေ လူမှုကွန်ယက်စာ မျက်နှာမှာ ပျံ့နှံ့လာချိန် ည ၁၀ နာရီလောက်မှာ မုံရွာမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်တစ်စုဟာလည်း နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအဖြစ် မုံရွာအကျဉ်းထောင်အနီးမှာ မနေ့ညက ချက်ချင်း ဆန္ဒပြခဲ့ကြ ပါတယ်။

ရန်ကုန် အင်းစိန်ထောင်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံရေး အကျဥ်းသားတွေ ဦးဆောင်တဲ့ ထောင်တွင်းဆန္ဒပြမှု ဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ဖြိုခွင်းမှုကြောင့် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဗကသ ဗဟိုအမှုဆောင် အနည်းဆုံး အယောက် ၂၀ လောက် တိုက်ပိတ်ခံထားရပါတယ်။

"ထောင်ထဲမှာ သေဆုံးသူတောင်ရှိတယ်လို့ ကြားတယ်။ သူ့တို့ပစ်လိုက်လို့ သေတယ်ပေါ့"

အင်းစိန်ထောင်တွင်း ဆန္ဒပြမှုဖြစ်ပြီး ၁၆ ရက်အကြာ ဩဂုတ်လ ၈ ရက်နေ့မှာ မန္တလေး အိုးဘိုထောင်တွင်း ဆန္ဒပြမှု ဖြစ်လာတာပါ။ ဩဂုတ် ၈ ရက်နေ့ဟာ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ရှစ်လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှု (၃၃) နှစ်ပြည့်တဲ့ နေ့လည်းဖြစ်ပါတယ်။

အခုလို ကိုဗစ်တတိယလှိုင်းပြင်းထန်ချိန်မှာ ထောင်တွင်း ဆေးဝါးကုသမှု အားနည်းတာကြောင့် NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့သလို မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ မောင်မောင်ငြိမ်းထွန်းလည်း အိုးဘိုထောင်တွင်း ဆန္ဒပြမှု ဖြစ်တဲ့ ဩဂုတ်လ ၈ ရက် မနေ့ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။