ပူတာအိုမှာ စက်သုံးဆီနဲ့ စားသောက်ကုန် ပြတ်လပ်နေ

တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်းကို ပိတ်ထားတာ တစ်လကျော်ရှိလာပြီး ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီနဲ့ ကုန်စည်ပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာမြို့မှာ စက်သုံးဆီအပြင် မြစ်ကြီးနားကနေ လာတဲ့ စားသောက်ကုန်တွေလည်း ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။ မြို့ထဲက ဓာတ်ဆီဆိုင် အကုန်လုံးလည်း ပိတ်ထားတာ တစ်ပတ်ကျော်ရှိလာပြီး အပြင်မှာ ဓာတ်ဆီ ရေသန့်ဗူး တစ်ဗူးစာကို နှစ်သောင်းကျော် ဈေးပေါက်နေပေမဲ့ ဝယ်ချင်တိုင်း ဝယ်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် စက်သုံးဆီ အသုံးပြုပြီး လုပ်ကိုင်ရမယ့် တောင်ယာလုပ်ငန်းနဲ့ တချို့လုပ်ငန်းတွေမှာ ထိခိုက်မှုတွေနဲ့ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက လယ်ယာတွေ လုပ်ရမယ့်အချိန်လေ။ အဲဒီလို ဆီတွေ ပြတ်တော့ လူတိုင်းက စိုးရိမ်နေတယ်။ ဘယ်သူမှ အလုပ်မလုပ်ဘူး လုပ်လို့လည်းမရဘူး။ အခုနောက်ပိုင်းက လယ်ယာလုပ်ငန်းတွေကို စက်နဲ့ပဲ လုပ်ကြတော့ ဆီကိုပဲ အားကိုးကြတာပေါ့။ အခုက ဆီတွေ ပြတ်တော့ အကုန်လုံး ဒုက္ခရောက်နေတယ် အလုပ် လုပ်လို့မရဘူး”

မြစ်ကြီးနားကနေတစ်ဆင့် တင်ပို့တဲ့ စားသုံးဆီ၊ ဆား၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေလည်း ပြတ်လပ်လာတာကြောင့် စားသောက်ဖို့ အခက်အခဲဖြစ်လာတဲ့ မိသားစုတွေတောင် ရှိလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး ဆွမ်ပရာဘွမ်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို KIA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ပြည်ထောင်စုလမ်းကို ပိတ်လိုက်တာဖြစ်ပြီး မြို့ပေါ်မှာ တစ်ခုထဲ ကျန်နေတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၄၆) တပ်ရင်းကို သိမ်းယူဖို့ KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေပေမဲ့ ဒီနေ့အထိ မသိမ်းယူနိုင်သေးပါဘူး။

ပူတာအိုမြို့ပေါ်က အခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

ပူတာအိုမြို့ကို စက်သုံးဆီနဲ့ စားသောက်ကုန်တွေကို မြစ်ကြီးနားကတစ်ဆင့် ဆွမ်ပရာဘွမ်မြို့ကို ဖြတ်ပြီး တင်ပို့ရတာဖြစ်ပေမဲ့ လမ်းပိတ်ထားတာကြောင့် ခရီးသည်ကားနဲ့ ကုန်ကားတွေ ဖြတ်သန်းသွားလာလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။