မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ စစ်တက္ကသိုလ်ကို ဧပြီလ ၁၄ ရက်ညပိုင်း အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သုံးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှော့တိုက်ဒုံး (၁၅) လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြင်ဦးလွင် ဆေးရုံကြီးနဲ့ အမှတ် (၈) ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အောင်မြေဇေယျာဘုန်းကြီးကျောင်းက ရဟန်းနှစ်ပါးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အရပ်သားရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြင်ဦးလွင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဆုံးသွားတဲ့ ဘုန်းကြီးနှစ်ပါးက သင်္ကြန်ကာလဒုလ္လဘဝတ်တဲ့သူတွေပါ။ သူတို့နေရာနားကို ကျပြီးပေါက်ကွဲလို့ နေရာမှာတင် ဆုံးသွားပါတယ်။ နောက်အမျိုးသားတစ်ဦးက အမှတ် (၈) ရပ်ကွက်က သူလည်းနေရာမှာတင် ဆုံးတယ်။ အဲဒီရပ်ကွက်ကပဲ နောက်ထပ်သုံးဦး ဒဏ်ရာရတယ်။ ပြင်ဦးလွင် ဆေးရုံကြီး၊ အရိုးကုသအဆောင်မှာကျ ရှော့တိုက်ဒုံးကြောင့် ငါးဦး ဒဏ်ရာရပါတယ်"
ရှော့တိုက်ဒုံးတွေ ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း သင်္ကြန်ကာလ ပြင်ဦးလွင်ကို အပန်းဖြေလာကြသူတွေနဲ့ မြို့ခံတချို့ မြို့ကိုစွန့်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့ ပြင်ဦးလွင်ဆေးရုံက လူနာအများစုဟာ မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ကုသဖို့ ပြင်ဆင်နေသလို ပြင်ဦးလွင်မြို့ပေါ်မှာလည်း ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးတင်းကျပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒီပစ်ခတ်မှုတွေကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ကြေညာတာတော့ မတွေ့ရသေးပါဘူး။
လတ်တလောအခြေအနေအရ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးသလို RFA အနေနဲ့ သီးခြားအတည်မပြုလို့မရသေးပါဘူး။
ရှော့တိုက်ဒုံးတွေဟာ စစ်တက္ကသိုလ်အနောက်ဘက် တောင်ကုန်းပေါ်တွေကနေ ပစ်ခတ်ခဲ့တာလို့ ယူဆရပြီး စစ်တက္ကသိုလ်တွေကို ကျော်လွန်ပြီးနောက် လူနေရပ်ကွက်နဲ့ ဆေးရုံဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး အခုထိ မရှိသေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ စစ်တက္ကသိုလ်ကို ဧပြီလ ၁၄ ရက်ညပိုင်း အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လေးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီပိုင် မြန်မာ့အသံသတင်းဌာနကနေ ဒီနေ့နေ့လယ်ပိုင်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မှာ သင်္ကြန်ရေကစားဖို့ရောက်နေချိန်မှာပဲ အခုလို ရှော့တိုက်ဒုံးတွေနဲ့ အပစ်ခံရတာဖြစ်ပါတယ်။
ဧပြီလ ၁၄ ရက်နေ့ကလည်း မန္တလေးမြို့တော်ဝန်မဏ္ဍပ်အနီးမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။