ပြင်ဦးလွင် စစ်တက္ကသိုလ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

RFA Burmese
2024.04.08
ပြင်ဦးလွင် စစ်တက္ကသိုလ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ပြင်ဦးလွင်မြို့ တစ်နေရာအား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က စစ်ကောင်စီတပ်ရဲ့ စစ်တက္ကသိုလ် (DSA) ကို ဧပြီလ ၈ ရက် ဒီနေ့မနက် အစောပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ပြင်ဦးလွင် ဒေသခံတွေက ပြောပါတယ်။

စစ်တက္ကသိုလ်အတွင်းပိုင်းမှာ ပေါက်ကွဲသံ သုံးကြိမ်အထိ ကြားခဲ့ရတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

“မနက် လေးနာရီလောက်မှာ အသံအကျယ်ကြီးပဲ ကြားရတယ်။ မိုးကြိုးပစ်သလိုပဲ။ မြို့အထွက် စစ်သင်တန်း ကျောင်းဘက်က ကြားရတာ။ ဘာတွေဖြစ်ကုန်တယ်တော့ မသိဘူး။ သူတို့ အထဲမှာဆိုတော့လေ”

ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းမှာတော့ ပြင်ဦးလွင်မြို့ အဝင်အထွက်နေရာတွေမှာ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ တင်းကျပ်နေနေတယ်လို့ သူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ်ခဲ့တာမှာ စစ်ကောင်စီတပ်သားတွေ နေထိုင်တဲ့ အဆောင်အနီး လေးလုံးကျရောက်ပေါက်ကွဲတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ပြင်ဦးလွင်မြို့အနီးတစ်ဝိုက်မှာ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပြင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေလည်း အဓိက လှုပ်ရှားတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ မကြာခဏတိုက်ပွဲတွေ ဖြစ်လေ့ရှိပါတယ်။

ဧပြီလ ၄ ရက်နေ့ကတော့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က စစ်ရုံးချုပ် (ကက-ကြည်း) နဲ့ အေလာလေတပ်နေရာတွေကို NUG လက်အောက်ခံတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။