ရခိုင်က စစ်ဘေးဒုက္ခသည် ငါးသိန်းခန့်အတွက် အကူအညီလိုနေကြောင်း AA ပြော

RFA Burmese
2024.06.09
ရခိုင်က စစ်ဘေးဒုက္ခသည် ငါးသိန်းခန့်အတွက် အကူအညီလိုနေကြောင်း AA ပြော ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပေါက်တောမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည် ငါးသိန်းခန့်အတွက် အကူအညီလိုအပ်နေတာကြောင့် လှူဒါန်းကြဖို့ ဇွန်လ ၈ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

အခုကာလဟာ မိုးရာသီဖြစ်တာကြောင့် တိုက်ပွဲတွေနဲ့ မလွတ်ကင်းတဲ့ ဒေသတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ငါးသိန်းအတွက် အမိုးအကာတွေ အရေးတကြီး လိုအပ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေလည်း လိုအပ်နေတာကြောင့် လှူဒါန်းပေးဖို့ မေတ္တာရပ်ခံတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကပြောပါတယ်။

"စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အမိုးအကာကတော့ အရေးတကြီး လိုအပ်နေပါတယ်။ ဒါ့အပြင် ဆေးဝါးနဲ့ အဝတ်အထည်၊ အစားအသောက်တွေကိုလည်း NGO၊ INGO အပြင် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း လှူဒါန်းပေးဖို့ မေတ္တာရပ်ခံပါတယ်"

ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုအကူအညီတွေ လာရောက်လှူဒါန်းဖို့ အခက်အခဲရှိသူတွေအနေနဲ့ ရက္ခိုင့်တပ်တော် (AA) ကနေတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရသလို စစ်ကောင်စီကလည်း ရိက္ခာ အဓိကသယ်ယူနေတဲ့ ကုန်းလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေအပေါ် ကူညီထောက်ပံ့ပေးနေတဲ့ အခြေအနေကိုသိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။