နေပြည်တော်အမတ် ဦးသန့်ဇင်ထွန်း ပြန်လည်လွတ်မြောက်လာ
2024.04.17

နေပြည်တော် ဒက္ခိဏသိရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ ဧပြီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“သူနဲ့ဖုန်းရတယ်၊ ထောင်ပြင်ရောက်ပြီ၊ ကျန်းမာတယ်လို့ပြောတယ်။ အခု ကျွန်မတို့ သူ့ကို သွားကြိုနေကြတယ်”
သူဟာ ၂၀၂၁ ခုနှစ် မတ်လကတည်းက ဖမ်းဆီးခံရတာဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ - ၅၀၅-က အမှုနှစ်ခုနဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရပြီး နေပြည်တော်အချုပ်ထောင်၊ ရမည်းသင်းအကျဉ်းထောင်နဲ့ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရသူဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် စစ်ကောင်စီက အကျဉ်းသား သုံးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားအရေအတွက် ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်အထိ NLD ပါတီဝင် ၁၉၀၅ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ (HRDT-NLD) က ထုတ်ပြန်ထားပါတယ်။