အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်မှုကြောင့် ဒေသခံတွေ အခက်ကြုံ

RFA Burmese
2024.04.19
အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်မှုကြောင့် ဒေသခံတွေ အခက်ကြုံ ရခိုင်ပြည်နယ်၊ အမ်းမြို့အဝင်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဒေသခံတွေကို အသွားအလာ ပိတ်ပင်ကန့်သတ်ခံထားရတာကြောင့် အဓိက စားသောက်ကုန်ဖြစ်တဲ့ ဆန်ပြတ်လပ်နေပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ဧပြီလ ၁၉ ရက်မှာ ပြောပါတယ်။

အမ်းမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်က ဒေသခံတွေ အဓိက အခက်အခဲကြုံနေရတာဖြစ်ပြီး စစ်တပ်က အကန့်အသတ်နဲ့ ရောင်းချပေးနေတဲ့ ဆန်တစ်ပြည်ကို တစ်သောင်းနီးပါးနဲ့ ဝယ်စားနေရတယ်လို့ အမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုစားဝတ်နေရေးက လုံးဝအဆင်မပြေဘူး။ ဆန်ကတော့ သူတို့စစ်တပ်ကရောင်းနေတာ။ တစ်အိမ်ကိုတစ်ပြည်လောက်ပဲ ဝယ်လို့ရတယ်။ မိသားစုများတဲ့သူတွေအတွက်တော့ ဘယ်လိုမှ အဆင်မပြေဘူး”

အမ်းမြို့နယ်အတွက် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အမ်း-ပဒါန်းကားလမ်းကိုလည်း အသုံးမပြုကြဖို့ ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ကတော့ မြို့အဝင်အထွက်ကို ပိတ်ဆို့ထားတာလို့ သူက ဆိုပါတယ်။

မြို့တွင်းမှာတော့ ဆန်အပြင် အခြေခံစားကုန်တွေဖြစ်တဲ့ ဆီ၊ ဆားနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေပါ ပြတ်လပ်လာပြီလို့ အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မြို့ထဲမှာ အခြေအနေ ဆိုးပါတယ်။ ဆန်မဝယ်နိုင်တဲ့သူတွေ ကန်စွန်းဥ ပြုတ်စားနေကြရတယ်။ ရှိတဲ့ဆန်နည်းနည်းလေးကို ကြိုသောက်နေကြရတယ်။ မြို့ထဲကို လုံးဝ ဝင်လို့မရတာပါ။ လုံးရွာဘက်ကို ဆင်းလို့ ရ၊ မရတော့ မသိဘူး။ အဲဒီလမ်းမှာလည်း စစ်တပ်က မိုင်းထောင်ထားကြတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကေင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်းမြို့နယ်၊ ကဇုကိုင်းရွာအနီးက တောဟိန်းတောင် ဗျူဟာကုန်းတိုက်ပွဲဟာ ဧပြီလ ၁၉ ရက်နေ့အထိ ပြင်းထန်နေဆဲဖြစ်ပြီး တပ်စခန်းမကျစေရေး စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။