နိုင်ငံခြားငွေလဲလုပ်ငန်း ခြောက်ခုကို စစ်ကောင်စီ ပိတ်သိမ်း

RFA Burmese
2024.04.08
နိုင်ငံခြားငွေလဲလုပ်ငန်း ခြောက်ခုကို စစ်ကောင်စီ ပိတ်သိမ်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေများကို တွေ့ရစဉ်။
Photo: RFA

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို မလိုက်နာလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ငွေလဲလုပ်ငန်းခြောက်ခုကို လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပိတ်သိမ်းခံရတဲ့ လုပ်ငန်းတွေအထဲ New World Financial Group of Co., Ltd၊ G.S.T Travels & Tours Co., Ltd၊ Prima Win Co., Ltd၊ Great Jewel Star Co., Ltd၊ Shwe D P Co.,Ltd နဲ့ JMJ International Co.,Ltd တို့ပါ ဝင်ပါတယ်။

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပြီးနောက် နိုင်ငံခြားငွေ လဲလှယ်ရောင်းချရေးလုပ်ငန်းတွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဆက်တိုက်အရေးယူမှုတွေရှိလာတာပါ။

မတ်လ ၂၁ ရက်နေ့က နိုင်ငံခြားငွေလဲ လိုင်စင်ရ ကုမ္ပဏီ ဆယ့်ငါးခု၊ မတ်လ ၂၆ ရက်နေ့က နိုင်ငံခြားငွေလဲ လိုင်စင်ရကုမ္ပဏီ ဆယ်ခုကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က လုပ်ငန်းလိုင်စင်ပိတ်တာနဲ့ ယာယီရပ်ဆိုင်းတာတွေ လုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့က ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကတော့ အခုအရေးယူခံရတဲ့ လုပ်ငန်းတွေအထဲ လိုင်စင်သက်တမ်းကုန်တာ၊ အခွန်မဆောင်တာတွေကြောင့် အများဆုံးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အခု ပိတ်တဲ့လုပ်ငန်းအများစုက သက်တမ်းမရှိတော့တာ။ အခွန်မဆောင်တာတွေကြောင့် ပိတ်တာ။ ဒီလုပ်ငန်းတွေ ပိတ်လိုက်သော်လည်းပဲ အပြင်မှာ တရားမဝင်ဈေးကွက်ကရှိနေဦးမှာ တရားမဝင်ဈေးကွက်မှာပဲ အရောင်းအဝယ်က ဖြစ်နေမှာပဲ”

အခုရက်ပိုင်း ရန်ကုန်မြို့က လိုင်စင်ရ ငွေလဲလုပ်ငန်းကြီးတွေကိုပါ ဗဟိုဘဏ်ဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေလုပ်နေပြီး နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

မတ်လ အစောပိုင်းကစလို့ နိုင်ငံခြားငွေလဲ လုပ်ငန်းတွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ရှောင်တခင်စစ်ဆေးမှုတွေလည်း လုပ်ခဲ့ပါတာပါ။

ဒေါ်လာနဲ့ ရွှေဈေးကစားသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမယ့် ဈေးပြန်မကျသေးဘူးလို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။