ပြင်ဦးလွင်က နေအိမ် သုံးရာကျော်ကို တပ်ပိုင်မြေဆိုပြီး ဖယ်ရှားဖို့ပြင်ဆင်နေ
2024.04.07

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးရပ်ကွက်က နေအိမ် သုံးရာကျော်ကို တပ်ပိုင်မြေဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားဖို့စီစဉ်နေပြီး ဧပြီလ ၇ ရက် ဒီနေ့မနက်မှာလည်း လူမနေသေးတဲ့နေရာတွေကို လာရောက်ဖျက်ဆီးသွားတယ်လို့ အဲဒီမှာနေထိုင်သူတွေက ပြောပါတယ်။
ရေချမ်းအိုးရပ်ကွက်မှာ လက်ရှိ နေအိမ် တစ်ထောင်ကျော်နဲ့ လူဦးရေ လေးထောင်ကျော်နေထိုင်ပြီး အဲဒီအထဲက အချက်အလက်မခိုင်မာတဲ့ နေအိမ်သုံးရာကျော်ကို ဖယ်ရှားဖို့လုပ်နေတာလို့ ဆိုပါတယ်။
အဲဒီမှာနေထိုင်တဲ့ ဒေသခံတွေကို အုပ်ချုပ်ရေးမှူးတွေဘက်က တစ်စုံတစ်ရာ အသိပေးတာမျိုးမရှိဘူးလို့လည်း ပြင်ဦးလွင်မြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အုပ်ချုပ်ရေးမှူးဘက်က ဘာမှကိုအကြောင်းကြားတာမျိုး မရှိဘူး။ ဒီနေ့ ကိုယ့်ဘာသာ စုံစမ်းကြည့်တော့မှ တပ်ပိုင်မြေဆိုပြီး နေအိမ်သုံးရာကျော်ကို သိမ်းမယ်လို့သိရတယ်။ မနေ့ကတည်းက ရပ်ကွက်ဘေးမှာ မြေတူးစက်တွေ၊ ဘတ်ဟိုးတွေ သုံးလေးစီးဝင်လာတာတွေ့တယ်။ ဒီမနက်ကြတော့ ရပ်ကွက်အစွန်က လူမနေသေးဘဲ ခြံခတ်ထားတဲ့တိုင်တွေကို အရင်ဖျက်သွားတယ်"
နေအိမ်တွေ ဖျက်မယ်ဆိုတဲ့အပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို သွားရောက်စုံစမ်းခဲ့ပေမယ့် ဘာမှမသိခဲ့ရဘူးလို့ ဆိုပါတယ်။
ရေချမ်းအိုးရပ်ကွက်ဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ဂရန်မြေအမျိုးစားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်ပိုင်မြေဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေကိုပါဖယ်ရှားဖို့ ပြင်ဆင်နေပေမယ့် ဘယ်တပ်ကပိုင်ဆိုင်တာလဲ ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုလည်း အသိပေးတာမျိုးမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၃ ခုနှစ်ကလည်း ပြင်ဦးလွင်မြို့ပတ်လမ်းမှာရှိတဲ့ နေအိမ်နှစ်ရာကျော်ကို မီးရထားပိုင်မြေဆိုတဲ့ စွပ်စွဲချက်နဲ့ ဖယ်ရှားခဲ့ပြီး လျော်ကြေးလည်းပြန်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။