တောင်သာမြို့နယ်မှာ စစ်မှုထမ်းဖို့ စည်းရုံးသူနှစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2024.04.08
တောင်သာမြို့နယ်မှာ စစ်မှုထမ်းဖို့ စည်းရုံးသူနှစ်ဦး သတ်ဖြတ်ခံရ မန္တလေးတိုင်း တောင်သာမြို့နယ် တံတား (အရှေ့) ရွာတွင် စစ်မှုထမ်းရန် လှုံ့ဆော်ခဲ့တာကြောင့် ပစ်သတ်ခံရသည့် ဦးဖိုးဇော်။
Citizen Journalist

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်အစပ်မှာရှိတဲ့ တံတား (အရှေ့) ရွာမှာ ဧပြီလ ၆ ရက်နေ့ ညပိုင်းက စစ်မှုထမ်းခိုင်းဖို့ စည်းရုံးနေသူနှစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အသက် ၄၀ ကျော်အရွယ် ဦးအောင်ကိုနဲ့ အသက် ၆၀ ကျော်အရွယ် ဦးဖိုးဇော်တို့ နေအိမ်တွေအတွင်းမှာပဲ သတ်ဖြတ်ခံခဲ့ရတာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ရွာသားတွေဆီကနေ ငွေကြေးတောင်းခံတာတွေနဲ့ စစ်ကောင်စီကို သတင်းပေးတိုင်ကြားတာတွေကြောင့် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ရွာမှာ မီတာကြေးလည်း သူတို့တွေ ကောက်တယ်။ ပြီးတော့ တစ်အိမ်ထောင်ကို သိန်းနှစ်ဆယ်ပေး စစ်မှုထမ်းစရာမလိုဘူး။ တစ်ရွာလုံးကောက်တာ။ ဒီရွာမှာတော့ စစ်မှုထမ်းဖို့ လူအင်အားမရှိလို့ ပိုက်ဆံပဲ ပေးမယ်ဆိုတဲ့သဘောပေါ့။ အဓိကကတော့ ပိုက်ဆံညစ်တာ။ ရွာက မပေးနိုင်ကြဘူးလေ။ ပြီးတော့ သူတို့က စစ်ကောင်စီကို သတင်းပေးတယ်။ ရွာကို ခြိမ်းခြောက်တယ်”

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လကလည်း တံတား (အရှေ့) ရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးမောင်နိုင် နေအိမ်မှာပဲ ပစ်သတ်ခံခဲ့ရတာပါ။ ဒါကြောင့် ဦးအောင်ကိုနဲ့ ဦးဖိုးဇော်တို့ဟာ ကျေးရွာအုပ်ချုပ်ရေးတာဝန်တွေကို လုပ်ဆောင်နေတာလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ဧပြီ ၂ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူး စုစုပေါင်း သုံးဆယ်ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။