တရုတ်နိုင်ငံ၊ ရွှေလီမှာ မြန်မာ နှစ်ဦး ပိုးတွေ့လို့စစ်ဆေးမှုတွေ တင်းကျပ်

တရုတ်နိုင်ငံ၊ ရွှေလီမြို့ထဲမှာ မြန်မာနိုင်ငံသား နှစ်ဦးထံကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လို့ ဒီနေ့ မနက်ပိုင်း ရွှေလီနဲ့ ကျယ်ဂေါင်မြို့အတွင်းက လမ်းသွယ်တွေ၊ ဆိုင်တွေကို ပိတ်ထားလိုက်ပါပြီ။

မြန်မာနယ်စပ်နဲ့ ကုန်သွယ်နေတဲ့ မန့်ဝိန်းဂိတ်ကို ဖွင့်ထားသလို ရွှေလီ-ကျယ်ဂေါင် လမ်းမကြီးကိုလည်း ဖွင့်ထားပေမယ့် လမ်းသွယ်တွေ ဈေးဆိုင်တွေ အကုန်လုံးပိတ်ထားလိုက်တာပါ။

ကုန်ဂိတ်တွေမှာ အလုပ်လုပ်နေသူတွေ၊ ရပ်ကွက်တွေ အတွင်းနေထိုင်သူတွေ အကုန်လုံးကို တရုတ်ကျန်းမာရေးဌာနက ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြောကြပါတယ်။

ပိုးတွေ့တဲ့ မြန်မာနိုင်ငံသား နှစ်ဦးဟာ တရုတ်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တာလို့ သတင်းတွေထွက်နေပြီး တရုတ်ရဲတပ်ဖွဲ့ကလည်း မြန်မာနိုင်ငံသားတွေကို လက်ရှိမှာ စစ်ဆေးမှုတွေ တင်းကျပ်နေပါတယ်။

မူဆယ်မြို့ခံ ဂရုဏာလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ရွှေလီမှာ ပိုးတွေ့လူနာရှိတယ်ဆိုတာကြောင့် ရွှေလီမြို့ကို သွားလာမှုတွေ ကန့်သတ်လိုက်တယ်လို့ ရွှေလီမှာရှိတဲ့ ပရဟိတ အဖွဲ့တွေဆီက ကြားရကြောင်း ပြောပါတယ်။

ပိုးတွေ့ခဲ့တဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို မူဆယ်ဆေးရုံကို လွှဲပြောင်းတာမျိုး မရှိသေးဘူးလို့ မူဆယ်ခရိုင် ဆေးရုံအုပ်ကြီးက RFA ကို ပြောပါတယ်။ မူဆယ်မြို့နယ်အတွင်း ပိုးတွေ့လူနာတွေ သွားလာခဲ့နိုင်တဲ့ နေရာတွေရှိနိုင်လို့ စုံစမ်းမှုတွေ လုပ်ထားတယ်လို့ သူကပြောပါတယ်။

မူဆယ်မြို့မှာ စက်တင်ဘာလ ၁၄ ရက်နေ့ မနေ့က ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ တစ်ဦးရှိနေပြီး ပိုးတွေ့သူကို တရုတ်က မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

လူနာဟာ ကျန်းမာရေးကောင်းမွန်ပြီး လက်ရှိ မူဆယ်ခရိုင်ဆေးရုံမှာ ဆေးကုသမှုခံ ယူနေပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်နဲ့ ရွှေလီမြို့တွေမှာ ရောဂါပိုးတွေ့သူတွေရှိလာတာကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း နယ်စပ် ကုန်သည်တွေက သုံသပ်နေကြပါတယ်။