ကန့်ကွက်မှုနောက်ပိုင်း စစ်တပ်ခန့်အစိုးရ အိမ်ရှင်လုပ်မယ့် ASOEN အစည်းအဝေး ပုံစံပြောင်း

ဒီအစီအစဉ်ကို ကန့်ကွက်တဲ့ မြန်မာအရပ်ဘက်နဲ့ လူ့အခွင့်အရေးအဖွဲ့ ၁၂၃ ဖွဲ့က ဇူလိုင် ၁၈ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုခဲ့။

စစ်တပ်ခန့်အစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတဲ့ ၃၇ ကြိမ်မြောက် အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး (37th ASOEN) နဲ့ ဆက်စပ်အစည်းအဝေးတွေကို အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့ ကန့်ကွက်ပြီးနောက် အွန်လိုင်းပုံစံနဲ့ ပြောင်းလဲကျင်းပခဲ့တယ်လို့ Defend Myanmar Democracy အဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီအပြောင်းအလဲဟာ အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုမှုနောက်ပိုင်း ဖြစ်ပေါ်လာတာဖြစ်တယ်လို့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကိုယ်စားပြုခွင့်ကို နိုင်ငံတကာမှာ ကာကွယ်ရေးလှုပ်ရှားနေတဲ့ Defend Myanmar Democracy (DMD) က ပြောပါတယ်။ ဒါပေမဲ့ အစည်းအဝေးပုံစံပြောင်းတာဟာ အရပ်ဘက်အဖွဲ့တွေရဲ့ ကန့်ကွက်မှုကြောင့်ဖြစ်တယ်လို့ အာဆီယံက တရားဝင် ရှင်းလင်းထားတာတော့ မရှိသေးပါဘူး။

Defend Myanmar Democracy ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကိုယ်စားပြုခွင့်ကို နိုင်ငံတကာမှာ ကာကွယ်ရေး လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

အာဆီယံရဲ့ မူလအချိန်ဇယားတွေအရ 37th ASOEN နဲ့ ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဩဂုတ် ၄ ရက်ကနေ ၇ ရက်အထိ လက်ခံကျင်းပမယ်လို့ ဖော်ပြထားတာပါ။

ဒီအစီအစဉ်ကို ကန့်ကွက်တဲ့ အရပ်ဘက်နဲ့ လူ့အခွင့်အရေးအဖွဲ့ ၁၂၃ ဖွဲ့က အာဆီယံနဲ့ ASOEN ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ဇူလိုင် ၁၈ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုခဲ့ပါတယ်။

အဲဒီအဖွဲ့တွေက ဆက်စပ်အစည်းအဝေး ခုနစ်ခုကို ဖိလစ်ပိုင်နိုင်ငံဆီ ပြောင်းရွှေ့ကျင်းပဖို့ ဒါမှမဟုတ် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် တာဝန်ယူပြီး အွန်လိုင်းကနေ ကျင်းပဖို့ တောင်းဆိုခဲ့တာပါ။

အဲဒီနောက်မှာတော့ ၃၇ ကြိမ်မြောက် ASOEN နဲ့ ဆက်စပ်အစည်းအဝေးတွေ ကျင်းပမဲ့နေရာကို “မြန်မာနိုင်ငံ” ကနေ “မြန်မာနိုင်ငံနှင့် အွန်လိုင်း” လို့ ပြောင်းလဲပြီး ဩဂုတ် ၁၀ ရက်ကနေ ၁၃ ရက်အထိ အွန်လိုင်းစနစ်နဲ့ ကျင်းပခဲ့တယ်လို့ Defend Myanmar Democracy က ဆိုပါတယ်။

စစ်တပ်ခန့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေက နေပြည်တော် Park Royal ဟိုတယ်မှာ တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကတော့ အွန်လိုင်းက ပါဝင်ခဲ့ကြတယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီအပြောင်းအလဲဟာ အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုချက်အားလုံးကို ပြည့်မီတာ မဟုတ်ပေမဲ့ အရေးပါတဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်တယ်လို့ Defend Myanmar Democracy အဖွဲ့ဝင် ကိုမိုက်က ပြောပါတယ်။

“အာဆီယံအနေနဲ့ စစ်တပ်ခန့်အစိုးရနဲ့ သူ့လက်အောက်ခံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို အနာဂတ် ASOEN အစည်းအဝေးတွေနဲ့ လုပ်ငန်းစဉ်အားလုံးကနေ ဖယ်ထုတ်သင့်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာ ပလက်ဖောင်းတွေကို အသုံးပြုပြီး နိုင်ငံတကာအသိအမှတ်ပြုမှု ရယူတာမျိုးကိုလည်း ခွင့်မပြုသင့်ပါဘူး”

စစ်တပ်ခန့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဆန်းဦးဟာ စစ်တပ်ရဲ့ စစ်ရေးချုပ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEHL) ရဲ့ အုပ်ချုပ်မှုအဆင့် တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ဖူးကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာပိတ်ဆို့အရေးယူရေး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

MONREC လက်အောက်မှာ ကျောက်မျက်၊ ပုလဲ၊ သတ္တုနဲ့ သစ်လုပ်ငန်းဆိုင်ရာ နိုင်ငံပိုင်လုပ်ငန်းတွေ ရှိပြီး အဲဒီထဲကလုပ်ငန်းအချို့ဟာ စစ်တပ်အတွက် ဝင်ငွေရရှိစေတဲ့ လမ်းကြောင်းတွေဖြစ်တာကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပိတ်ဆို့အရေးယူထားပါတယ်။

အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေထဲမှာ အနာဂတ် ASOEN အစည်းအဝေးတွေနဲ့ လုပ်ငန်းစဉ်တွေမှာ စစ်တပ်ခန့်အစိုးရကို ပါဝင်ခွင့်မပေးဖို့နဲ့ သူ့လက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) ကို ရန်ပုံငွေ၊ နည်းပညာနဲ့ တခြားအကူအညီတွေ မရောက်ရှိစေဖို့လည်း တောင်းဆိုထားပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေက နောက်ဆယ်နှစ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာစီမံကိန်းနဲ့ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာညီလာခံကို တင်သွင်းမယ့် ပူးတွဲကြေညာချက်တွေ အပါအဝင် အရေးကြီးစာတမ်းတချို့ကို အတည်ပြုခဲ့တယ်လို့ ထိုင်းနိုင်ငံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်ကျင်းပခဲ့တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲမှာ အာဆီယံကိုယ်စားလှယ်တွေအတွက် ကာဗွန်ဈေးနှုန်းနဲ့ ကာဗွန်ဈေးကွက်ဆိုင်ရာ လေ့လာရေးခရီးစဉ်တစ်ခုကို ဘရပ်ဆဲလ်မြို့မှာ လက်ခံကျင်းပဖို့ ဥရောပသမဂ္ဂက ကမ်းလှမ်းထားပါတယ်။

ဒီအစီအစဉ်ကနေတစ်ဆင့် စစ်တပ်ခန့်အစိုးရကိုယ်စားလှယ်တွေ ဥရောပသမဂ္ဂရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်တွေမှာ ပါဝင်လာနိုင်တဲ့အပေါ် စိုးရိမ်တယ်လို့ Defend Myanmar Democracy က ပြောပါတယ်။

Defend Myanmar Democracy (DMD)၊ Milk Tea Alliance Thailand၊ Progressive Voice၊ Blood Money Campaign၊ Justice For Myanmar၊ Karen Human Rights Group၊ Women’s League of Burma အပါအဝင် သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့က ကန့်ကွက်တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာပါ။