ရခိုင်ပြည်နယ်တောင်ပိုင်းက အမ်း၊ ရမ်းဗြဲနဲ့ သံတွဲမြို့နယ်တွေမှာ ဧပြီလ ၉ ရက်နဲ့ ၁၀ ရက် ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမ်းမြို့နယ် ကြောင်ဖြူကျေးရွာက အသက် (၁၀) နှစ်အရွယ် မောင်နေထူးနိုင်နဲ့ ရမ်းဗြဲမြို့နယ် ရွာသာယာ ကျေးရွာက အသက် (၄၅) အရွယ် ဒေါ်အေးသန်းမြင့်တို့ သေဆုံးခဲ့တာဖြစ်ပြီး သံတွဲမြို့နယ် တောင်ညိုကျေးရွာက အသက် (၁၆) နှစ်အရွယ် မောင်ဖြိုးမင်းဟိန်းကတော့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၇၃) တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကြောင်ဖြူကွင်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မောင်နေထူးနိုင် သေဆုံးခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ရမ်းဗြဲမြို့နယ် ရွာသာယာကျေးရွာခံ ဒေါ်အေးသန်းမြင့်ကတော့ ရမ်းဗြဲ - မာန်အောင် ရေကြောင်းမှာရှိနေတဲ့ စစ်ကောင်စီရေတပ်က ဧပြီလ ၁၀ ရက်ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့မနက်ပိုင်း ၈ နာရီ မိနစ် ၄၀ လောက်မှာ နေဗီကနေပစ်တဲ့ လက်နက်ကြီး ရွာသာယာရွာထဲကိုကျတယ်။ အဲဒီ အမျိုးသမီး သေသွားတယ်။ ထွက်လွန်ပြီးတော့”
ဧပြီလ ၉ ရက်မနေ့ ၉ နာရီခန့်ကလည်း သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာအောက်ပိုင်း နှစ်ခန့်အကွာ ပင်လယ်ပြင်မှာ ရပ်နားထားတဲ့ ရေတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် တောင်ညိုကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ရွာခံ မောင်ဖြိုးမင်းဟိန်း ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရွာတွေကို ဦးတည်ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပေမယ့် ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
RFA ကပြုစုထားတဲ့စာရင်းအရ ရခိုင်မှာတိုက်ပွဲပြန်စဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၉၅ ဦးသေဆုံးပြီး ၅၅၁ ဒဏ်ရာရရှိခဲ့ပါတယ်။