KIA ဝင်ငွေရလမ်းဖြတ်တောက်ဖို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ
2025.02.05

ကချင်ပြည်နယ်ထဲက နေရာအများစုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ခဲ့ပြီးနောက် တိုက်ပွဲမဖြစ်ပွားတဲ့ဒေသတွေက KIA အတွက် ဝင်ငွေရနေတဲ့ ရွှေမှော်နဲ့ ကျောက်စိမ်းထွက်ရာ နေရာတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၅ ခုနှစ်ထဲမှာပဲ ဖားကန့် ကျောက်စိမ်းမှော်နဲ့ တနိုင်းက ရွှေမှော်တွေကို လေကြောင်းနဲ့ သုံးကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KIA ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့နယ်၊ တစ်သျှူးငှက်ပျောခြံကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသားတစ်ဦးနဲ့ ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။
အရင်က ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေရှိပေမဲ့ အခုလို ကျောက်စိမ်းတူးဖော်တဲ့နေရာနဲ့ ရွှေတူးဖော်တဲ့နေရာတွေကို တိုက်ခိုက်တာက အခုနှစ်ပိုင်းမှတွေ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ် ဇန်ဝါရီလ နောက်ဆုံးအပတ်ကလည်း KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို KIA ဌာနချုပ်ဟောင်းနေရာကိုလည်း လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့က KIA ထိန်းချုပ်ထားတဲ့ တနိုင်းမြို့နယ်ထဲက စံလွန်ရွှေမှော်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၁၈ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ညနေကလည်း မြစ်ကြီးနားမြို့နယ် မြစ်ဆုံကျေးရွာအထက်နားကို လေကြောင်းနဲ့ လေးကြိမ်လာပစ်ခတ်သွားတာကြောင့် ဒေသခံတစ်ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ကမ္ဘာကျော် ကျောက်စိမ်းထွက်ရာ ဖားကန့်နယ်မြေကို KIA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းက ဆက်တိုက်တိုက်ခိုက်လာတာလို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူက စစ်ရေးနဲ့ဆိုင်တဲ့ ပစ်မှတ်တွေကို မပစ်ဘူး။ အဓိက မဆွပ်ယန်နဲ့ ဆန်ခါ ဘာမှမဟုတ်ဘူး၊ ရွာနှစ်ရွာကြား ကျောက်စိမ်းတူးမယ်ဆိုတဲ့ လုပ်ကွက်ကို သက်သက်မဲ့ အဲဒီနေရာကို ပစ်လိုက်တာပဲ။ ငါတို့လည်း ရှိတယ်ဟဲ့ဆိုတဲ့ အနေအထားကို ပြတဲ့သဘောပါပဲ။ စစ်တိုက်ကြတယ်ဆိုရင် စစ်ရေးပစ်မှတ်တွေကို အဓိက ဦးစားပေးလုပ်စေချင်တယ်၊ အခု အဲဒီလိုမဟုတ်ဘူး။ နာမည်ထွက်နေတဲ့နေရာတွေကို တမင်လုပ်ပါတယ်။ အဓိကတော့ မင်းတို့လုပ်နေတာ ငါတို့သိတယ်၊ ငါတို့ကိုလည်း မင်းတို့ ခွဲတမ်းပေးရမယ်ဆိုတဲ့ အနေအထား ပြောသလားတော့ မသိဘူးပေါ့။ အဲဒီနေရာဆိုဆိုလည်း အများပြည်သူသွားတဲ့နေရာ၊ ဒီတိုင်းသွားနေတဲ့ ရေမဆေးတွေပါ ထိပြီး သေသွားကြတာ"
"အဓိက မဆွပ်ယန်နဲ့ ဆန်ခါ ဘာမှမဟုတ်ဘူး၊ ရွာနှစ်ရွာကြား ကျောက်စိမ်းတူးမယ်ဆိုတဲ့ လုပ်ကွက်ကို သက်သက်မဲ့ အဲဒီနေရာကို ပစ်လိုက်တာပဲ"
ဖားကန့်မှာ ကျောက်စိမ်းတူးဖော်မှုကို KIA က အဓိက လုပ်ပိုင်ခွင့်တွေချပေးနေပြီး စစ်ကောင်စီတပ်ကလည်း စစ်ရေးဆက်လက်လှုပ်ရှားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၃ ရက်ကလည်း ဖားကန့်မြို့နယ်၊ မဆွပ်ယန်ကျေးရွာနဲ့ ခန်ခါကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရေမဆေးကျောက်ရှာနေတဲ့ ဒေသခံရှစ်ဦး သေဆုံးခဲ့ပါတယ်။
လက်ရှိ မြေရှားလုပ်ကွက်တွေ ရပ်နားထားပေမဲ့ ဆက်လက်လည်ပတ်နေတဲ့ ကျောက်စိမ်းမှော်၊ ရွှေမှော်နဲ့ တရုတ်ကို တင်ပို့မဲ့ ငှက်ပျောခြံတွေအထိ ဒရုန်းနဲ့ မကြာမကြာ တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
KIO/ KIA ရဲ့ ဝင်ငွေရနေတဲ့နေရာတွေကို ဖြတ်တောက်ချင်တာကြောင့် လေကြောင်းနဲ့ တိုက်ခိုက်နေတာလို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"KIO ရဲ့ ဝင်ငွေဖြောင့်တဲ့နေရာတွေ၊ ကုမ္ပဏီတို့ ဝင်တဲ့နေရာတွေပေါ့နော်၊ အဲဒါတွေကိုလည်း သူတို့က အနှောက်အယှက်ပေးတဲ့ပုံစံနဲ့ KIO/ KIA ရဲ့ ဝင်ငွေကို ဖြတ်ပေးတဲ့ပုံစံမျိုးနဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒါလည်းပါတယ်ပေါ့။ ပြည်သူလူထုတွေ၊ စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေကို KIO နဲ့ တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထောက်ပံ့တဲ့ တိုက်ခိုက်တဲ့ ပစ်မှတ်ထဲမှာပါတာပေါ့"
ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေကို KIA နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေဆီ ထောက်ပံ့ကူညီတာတွေမလုပ်ဖို့ ခြိမ်းခြောက်နေသလို ပြည်သူနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ကင်းကွာသွားအောင် လုပ်နေတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
ရွှေမှော်၊ မြေရှားနဲ့ ကျောက်စိမ်းလုပ်ငန်းကနေ KIA က ဝင်ငွေရနေတဲ့အပေါ်ဖြတ်တောက်ချင်တာကြောင့် အခုလို လေကြောင်းနဲ့ တိုက်ခိုက်နေတာလို့ ကချင်နိုင်ငံရေးသုတေသီ ကိုရှဘတ်က ပြောပါတယ်။
"စစ်ကောင်စီက အခုနောက်ပိုင်းမှာ စစ်ကောင်စီက ဒီဒေသတွေကို ဆက်တိုက်ဗုံးကြဲတာကို တွေ့ရတယ်။ အထူးသဖြင့် သူတို့ကနေပြီး ကချင်ပြည်နယ်က KIO အနေနဲ့ သယံဇာတကနေ ရရှိတဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်လိုတဲ့ဟာတွေ သူတို့ရဲ့ KIO ရဲ့ သယံဇာတအပေါ်မှာ စီမံမှု ဆက်လက်လုပ်ဆောင်လို့မရအောင် ပြည်သူလူထုတွေကို အကြောက်တရားသွင်းပြီးတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲပြီး ခြိမ်းခြောက်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်"
RFA ရဲ့ စာရင်းအရ ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁၇၂ ဦး သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှုတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီတပ်ဟာ လက်လှမ်းမမှီတော့တဲ့နေရာတွေကို ဦးတည်တိုက်ခိုက်နေတာလို့ ကချင်ပြည်နယ်ထဲက သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီထိန်းချုပ်တဲ့နေရာတွေကတော့ အများပိုင်းက KIO ထိန်းချုပ်နယ်မြေတွေ ပိုပြီးတော့များတာပေါ့။ အခုသူတို့ သွားကြဲတဲ့နေရာမှာက သူတို့ရဲ့ ပတ်သက်မှုက ရာခိုင်နှုန်းတွက်ရင် တော်တော်လည်း နည်းသွားတဲ့ ဧရိယာတွေလို့တော့ ယူဆရတာပေါ့နော်။ အခု ဖားကန့်ဆိုလည်း KIO ရဲ့ ထိန်းချုပ်နယ်မြေက ပိုများသွားတာတွေ ရှိတာပေါ့နော်။ တနိုင်းဘက်ဆိုလည်း လုံးဝကို သွားလို့မရတဲ့ အခြေအနေတွေရှိတယ်။ ဆိုတော့ အဲဒီနေရာတွေကို ရွေးပြီးမှ လုပ်တဲ့အနေအထားမှာရှိတယ်၊ အဲလိုမျိုးတော့မြင်မိတယ်"
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမရှာဖို့ KIA ပြော
ဗန်းမော်မှာ အမြောက်တပ်ကို KIA သိမ်းပြီးနောက် တိုက်ပွဲပြင်းထန်နေ
ဗန်းမော်လေဆိပ်ကို KIA ထိန်းချုပ်
KIA ထိန်းချုပ်နယ်မြေအပြင် နှစ်ဖက်စလုံး ထိန်းချုပ်ထားတဲ့ မြစ်ကြီးနား မြစ်ဆုံ၊ ဝိုင်းမော်မြို့နယ်၊ မိုးညှင်းနဲ့ ပူတာအိုခရိုင်မှာပါ တရားမဝင် သယံဇာတ တူးဖော်မှုတွေ ရှိနေပြီး နှစ်ဖက်စလုံး အခွန်ရနေတာလို့ ဆိုပါတယ်။
နှစ်ဖက်စလုံးကိုပေးရတဲ့ အခွန်နဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏကိုတော့ မသိရဘူးလို့ ပြောပါတယ်။
KIA ထိန်းချုပ်တဲ့ဒေသတွေမှာ အခွန်ကို သတ်မှတ်ချက်အတိုင်း ကောက်ခံပေမဲ့ နှစ်ဖက်စလုံးထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အဆင်ပြေသလို ညှိနှိုင်းပြီး ကောက်ခံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့နယ်မှာလည်း နေ့စဉ်တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းက ဆက်တိုက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအထိ ကချင်ပြည်နယ်ထဲက မြေရှား၊ ရွှေ၊ ကျောက်စိမ်းနဲ့ ပယင်းထွက်တဲ့ ဒေသတွေ အပါအဝင် နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်ကို KIA က ထိန်းချုပ်ထားပြီး ဗန်းမော်မြို့ကိုပါ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။