စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမရှာဖို့ KIA ပြော

RFA Burmese
2025.02.05
စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမရှာဖို့ KIA ပြော ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာကျရောက်သည့် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့တွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လမှ မိန့်ခွန်း ပြောကြားစဉ်။
Screenshot: ALEN YANG TV - YouTube

စစ်ကောင်စီအနေနဲ့ နိုင်ငံငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမရှာဖွေဘဲ ကိုယ်တိုင်စွဲကိုင်ထားတဲ့အာဏာကို တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသုံးပြုဖို့ဆိုပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဖေဖော်ဝါရီ ၅ ရက်နေ့မှာကျရောက်တဲ့ ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

“မြန်မာပြည်က အဏာကိုစွဲကိုင်ထားတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကိုလည်း သတင်းပါးချင်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းမှုကို စစ်မြေပြင်မှာပဲ ရှာဖွေနေတာမျိုး မဖြစ်ပါစေနဲ့။ အဲဒီအစား ကိုယ်ကိုင်ထားတဲ့အာဏာကို တိုင်းပြည် ငြိမ်းချမ်းသာယာဖို့အတွက် အကျိုးပြုအသုံးပြုသွားဖို့ ပြောချင်ပါတယ်”

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်ရမဲ့ကိစ္စရပ်တွေကို အချိန်မတိုင်ခင် ဖြေရှင်းတာမျိုး မပြုလုပ်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ ဘယ်လိုကိစ္စရပ်တွေ ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

လက်ရှိအချိန်မှာ စစ်အဏာရှင်စနစ်ကျဆုံးဖို့ အဓိကရည်မှန်းချက်ဖြစ်တာကြောင့် လက်နက်ကိုင် တော်လှန်နေသူတွေအားလုံး အချင်းချင်းကူညီကြဖို့ကိုလည်း သူက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လက်နက်ကိုင် တိုက်ခိုက်နေတဲ့အဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးကြဖို့ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာခဏ ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်မတော် (MNDAA) တို့ အပစ်ရပ်ရေး သဘောတူညီမှု ရခဲ့ပါတယ်။ အဲဒီနောက် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့နဲ့ စစ်ကောင်စီတို့ ဆက်လက်ဆွေးနွေးမယ် ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စတဲ့ မြို့ ၁၄ မြို့နဲ့ တပ်စခန်းပေါင်း သုံးရာခန့်ကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။