ဗန်းမော်လေဆိပ်ကို KIA ထိန်းချုပ်
2025.01.28

ကချင်ပြည်နယ် ဗန်းမော်လေဆိပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြောပါတယ်။
လက်ကျန် တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“လေယာဥ်ကွင်းကိုတော့ ကျွန်တော်တို့ အကုန်လုံး နေရာယူထားပြီ။ ကျန်တဲ့စခန်းတွေကိုလည်း တိုက်နေတုန်းပဲ။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ”
လေဆိပ်ဟာ ဗန်းမော်မြို့ရဲ့ အကြီးဆုံး စစ်အခြေစိုက်စခန်းဖြစ်တဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ဧရိယာနဲ့ ဆက်စပ်နေတာကြောင့် အရေးပါတဲ့နေရာလို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
“လေယာဥ်ကွင်းနဲ့ ပတ်ပတ်လည်း သိမ်းပြီးပြီဆိုရင်တော့ စကခ-၂၁ ပဲ ကွက်ပြီး ကျန်နေတဲ့ အနေအထားဖြစ်ပြီ။ လေယာဥ်ကွင်း အသုံးပြုပြီး ထောက်ပို့လည်း မလုပ်နိုင်တော့ဘူး။ တိုက်ပွဲကတော့ ပြင်းထန်ဆဲပဲ။ မနေ့ညကလည်း တစ်ညလုံး လေယာဥ်နဲ့ ဗုံးလာချနေတာ”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဗန်းမော်လေဆိပ်ဟာ ခရီးသည်တွေအတွက် ပုံမှန်အသုံးပြုနေတဲ့ လေဆိပ်ဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စစ်ရေးအတွက် အသုံးပြုပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက် KIA ရဲ့ ထိုးစစ်စတင်တဲ့ နောက်ပိုင်းမှာတော့ ဗန်းမော်လေဆိပ်ကို ခရီးသည်တွေအတွက် အသုံးမပြုတော့ဘဲ ရပ်နားထားတာလို့ ဆိုပါတယ်။
နိုင်ငံအနှံ့က တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ် သံတွဲနဲ့ အမ်းလေဆိပ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးလေဆိပ်ကိုတော့ ကိုးကန့်တပ်မတော် (MNDAA) က ထိန်းချုပ်ထားပါတယ်။