နယ်စပ်ကုန်သွယ်ရေးကို အစိုးရတွေအောက်မှာရှိရမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.11.07
နယ်စပ်ကုန်သွယ်ရေးကို အစိုးရတွေအောက်မှာရှိရမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang) တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။
Myanmar Military

နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ အစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာရှိရမှာဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ဖို့ကိုလည်း ဆက်ပြီးဆောင်ရွက်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောလိုက်တဲ့အကြောင်း မနေ့က နိုဝင်ဘာလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

နယ်စပ်ဒေသကလက်နက်ကိုင်အဖွဲ့တွေရဲ့ အထောက်အပံ့တွေဖြစ်တဲ့ တရားမဝင်ကုန်သွယ်မှုတွေကို တိုက်ဖျက်ရမယ်လို့လည်း စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ကို ပြောလိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရန်လုံကျိုင်း၊ မုံးကိုး နဲ့ နမ့်ခမ်းနယ်စပ်ဂိတ်တွေကို မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတာပါ။ ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေးကို တရုတ်က ကန့်သတ်ထိန်းချုပ်လိုက်ပါတယ်။ ကချင်ပြည်နယ်မှာလည်း ပန်ဝါမြို့ကို KIA သိမ်းပြီးတဲ့နောက် နိုဝင်ဘာလဆန်းမှာ နယ်စပ်ကုန်သွယ်ရေးကို တရုတ်ဘက်က ပိတ်လိုက်ပါတယ်။

ဒါဟာ တရုတ်ဘက်က တစ်ဖက်သတ်ပိတ်လိုက်တာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

“ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သူတို့က ဖိအားပေးတဲ့သဘောနဲ့ အခုလိုမျိုး ဂိတ်တွေ ပိတ်တာဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့လိုလားချက် ပန်းတိုင်တွေကိုတော့ ကျွန်တော်တို့ လည်း နောက်ဆုတ်မှာမဟုတ်ဘူး‌ပေါ့”


ဆက်နွှယ်သောသတင်းများ

တရုတ်က ကုန်သွယ်ရေးပိတ်တဲ့အတွက် မြန်မာပြည်သူတွေအခက်အခဲကြုံ

“၀”နဲ့ မိုင်းလား နယ်စပ်ဂိတ်တွေမှာ စားသောက်ကုန်သယ်ယူမှု ကန့်သတ်ခံထားရ

ယုံကြည်ရတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှု မတွေ့ရသေးကြောင်း မြောက်ပိုင်းအဖွဲ့ တုံ့ပြန်


အခုလို နယ်စပ်ဂိတ်တွေကိုပိတ်လိုက်တာဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို အကျပ်အတည်းထဲရောက်အောင်လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ရှမ်းပြည်နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းဝမ်းဆိုင် ကပြောပါတယ်။

“တရုတ်က လောလောဆယ် အနေအထားအရ သူက ချင့်ချိန်နေတယ်လို့ ပြောရမှာပေါ့နော်။ ဒီထက် ပိုပြီး ကြမ်းကြမ်းတမ်းတမ်းလုပ်ဖို့လဲ သူ စဉ်းစားမယ်လို့တော့ မထင်ဘူး”

BPLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်တို့ အညာဒေသဘက်မှာ စစ်ရေးအဟုန်မြှင့်တင်လာရင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ နယ်နမိတ်ချင်းဆက်မိပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့ အဆက်အသွယ်လုပ်လို့ရတဲ့အတွက် တရုတ်ကစဉ်းစားရမယ့် အချက်ဖြစ်တယ်လို့လည်း သူကသုံးသပ်ပါတယ်။

တရုတ်ဘက်က နယ်စပ်ကုန်သွယ်‌ရေးပိတ်လိုက်တဲ့အတွက် ပြည်သူတွေအခက်အခဲဖြစ်သွားတဲ့ အကြောင်း ဒေသခံတွေကပြောကြပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို တခြားနေရာတွေက ရနိုင်တယ်လို့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ အမည်မဖော်လိုသူ အရာရှိက ပြောပါတယ်။

“တရုတ်ဘက်ကမရလည်း တခြားနေရာကလည်းရပါတယ်။ အချိန်နည်းနည်းကြာတာနဲ့ စျေးအနည်း အများကွာတာပါပဲ။ အိမ်နီးခြင်းတရုတ်ပဲရှိတာမှမဟုတ်တာ။ အဆင်ပြေသွားမှာပါ။ သူ့ထွက်ပေါက်တစ်ခု သူပိတ်တာပါပဲလေ။ ရေရှည်ဘယ်သူ ပိုနစ်နာမလဲဆိုတာ လူတိုင်းသိပါတယ်”

"၀" တပ်ဖွဲ့ ထိန်းချုပ်သည့် နမ့်တစ်မြို့အဝင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
"၀" တပ်ဖွဲ့ ထိန်းချုပ်သည့် နမ့်တစ်မြို့အဝင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

ပြီးခဲ့တဲ့ သုံးနှစ်ကျော်အတွင်းမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၈ ဘီလီယံရခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းငါးခုကို ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ခေါင်းဆောင်ရဲ့ ပထမဦးဆုံး တရုတ်ပြည်ခရီးမှာ မြောက်ပိုင်းလက်နက်ကိုင်တိုင်းရင်းသားတွေကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေကို ဦးစားပေး ဆွေးနွေးခဲ့တာတွေ့ရပါတယ်။

တစ်ဖက်မှာလည်း နယ်စပ်ဒေသတည်ငြိမ်ပြီး ကုန်သွယ်ရေးလုပ်ငန်းစတင်နိုင်အောင် တတ်နိုင်သ‌ရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က တိုက်တွန်းတာတွေ့ရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက် ၇ ရက်အထိ ကျင်းပတဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးကို တက်ခွင့်ရလို့ သွားရောက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။