တရုတ်က ကုန်သွယ်ရေးပိတ်တဲ့အတွက် မြန်မာပြည်သူတွေအခက်အခဲကြုံ

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.11.01
တရုတ်က ကုန်သွယ်ရေးပိတ်တဲ့အတွက် မြန်မာပြည်သူတွေအခက်အခဲကြုံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ၂၀၂၀ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဥ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ဘက်က ကုန်တင်သွင်းတာတွေ ကန့်သတ်ပိတ်ပင်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေကြားမှာ အခြေခံလိုအပ်တဲ့ပစ္စည်းတွေရှားပါးနေပါတယ်။

အပိတ်ခံရတဲ့အထဲမှာ စားသုံးဆီတို့ အာလူးတို့လို မရှိမဖြစ်ပစ္စည်းတွေပါနေပါတယ်။ ဒါကြောင့် တစ်ပိုင်တစ်နိုင်အိမ်တွင်းလုပ်ငန်းလုပ်နေတဲ့ မူဆယ်ဒေသခံတစ်ယောက်က သူ့အလုပ် ရပ်ရတော့မလိုဖြစ်နေပါပြီ။

“ဒီအလုပ်က တစ်ပိုင်တစ်နိုင်ဆိုတော့ တရုတ်က အာလူးတွေ၊ ဆီတွေ ပေးမထွက်တော့ဘူး။ ပိတ်ပင်လိုက်ပြီဆိုရင် ကျွန်တော်တို့လုပ်နေတဲ့ စီးပွားရေးရပ်ဆိုင်းလိုက်ရမယ်။ နိုင်ငံရေး မကောင်းတဲ့ကြား ကနေ ဒီအလုပ်လေးကို ဖမ်းဆုပ်ပြီးမှလုပ်ထားတာဆိုတော့ ဒီလုပ်ငန်းကနေရတဲ့ ဝင်ငွေကလည်း မဝင်တော့ဘူး။ တခြားအလုပ်ပြန်စဉ်းစားရတော့မှာပေါ့နော်”

အောက်တိုဘာ ၂၈ ရက်နေ့က မြန်မာနိုင်ငံဘက်ကိုအာလူးပို့မယ့် ကုန်တင်ကားအစီး (၂၀) ကျော်ဟာ နယ်စပ်ဂိတ်မှာဖြတ်ခွင့်မရခဲ့ပါဘူး။

စိုက်ပျိုးရေးလုပ်ငန်းတွေရှိတဲ့ ရှမ်းပြည်နယ်ဟာ အာလူးထွက်ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလမှထွက်မှာ ဖြစ်လို့၊ စီးပွားဖြစ်လုပ်နေတဲ့သူတွေအတွက် တရုတ်အာလူးကို အားကိုးနေရတာပါ။


ဆက်နွှယ်သောသတင်းများ

တရုတ်ရဲ့ နယ်စပ်ဂိတ် ပိတ်၊ ဖြတ်တောက်မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေရ

တရုတ် နယ်စပ်ကုန်သွယ်ရေး ပိတ်ထားလို့ ဒေသခံနဲ့ ကုန်သည်တွေ အခက်ကြုံ

KIA ထိန်းချုပ်နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်ပိတ်ထား


အာလူးအပြင် ဆီကိုလည်းလုံးဝ သယ်ခွင့်မပြုတော့ဘူးလို့ နမ့်ခမ်းမြို့ခံ တစ်ယောက်က RFA ကို ပြောပါတယ်။

“ခုတလော တအားတင်းကျပ်တယ် အစစ်အဆေးတအားများတယ်။ ကားတစ်စီးထွက်ရဖို့ နာရီဝက် ကြာတယ်။ ကန့်သတ်ကုန်ပိုများလာတယ်။ ဆီဆိုရင် လုံးဝမပေးတော့ဘူး။ လက်ဆွဲလို့လည်း မရတော့ဘူး။ ကုန်စုံဆိုင်အစ စျေးတွေ တက်လာတယ်”

ဒါကြောင့် အရင်ကသုံးသောင်းဝန်းကျင်ရှိခဲ့တဲ့ သုံးပိသာဝင်ဆီတစ်ပုံးကို အခုတော့ လေးသောင်းခွဲကနေ ငါးသောင်းအထိ ပေါက်စျေးဖြစ်နေပါပြီ။

“တရုတ်ဘက်ကလာတဲ့ စားသုံးဆီက ကွာတာကတော့ သိပ်တော့မကွာဘူး။ နည်းနည်းတော့ သက်သာ ရုံလေးပေါ့နော်။ ပြောမယ်ဆိုရင်။ သုံးလို့ကောင်းလားဆိုတော့ ကောင်းတော့ကောင်းပါရဲ့။ ကျွန်တော်တို့ ဒီ ဗမာပြည်က ထွက်တဲ့ဟာထက်တော့ မကောင်းဘူးပေါ့။ ကျွန်တော်တို့ အခုဖြစ်နေတဲ့အချိန်မှာ အကျပ် အတည်းဖြစ်နေတဲ့အချိန်မှာ ချွေတာရေးအနေနဲ့ သုံးနေကျတာကို”

ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo : The Kokang)
ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo : The Kokang)

အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ်ဘက်က မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်မှာ လောင်စာဆီ အပါအဝင် စားသုံးဆီ၊ ဆေးဝါးနဲ့ ကြာရှည်ခံတဲ့စားသောက်ကုန်တွေ တင်သွင်းခွင့်ပိတ်လိုက်တာပါ။ ဒါကြောင့် ကုန်ကားသမားတွေအတွက်လည်း ကြုံလာမယ့်အခက်အခဲတွေအတွက် စိုးရိမ်နေကြပါတယ်။

“လွန်ခဲ့တဲ့ ၄ ရက် ၅ ရက်က တရုတ်ကပိတ်လိုက်တယ်ဆိုတော့ ဒီကုန်ကားတွေအနေနဲ့ဆို ဘာပစ္စည်းတွေ သယ်ရတော့မလဲ။ ကန့်သတ်ကုန်ကို ကျွန်တော်တို့ ဘယ်လိုသယ်ရမလဲ။ အစပိုင်းမလို့ ကျွန်တော်တို့ လည်း နားမလည်သေးတော့ အခက်အခဲတွေ ဘယ်လိုရှိလာမလဲဆိုတာ ပြောလို့တော့မရသေးဘူး”

တရုတ်ဘက်က ဘာကြောင့်ပိတ်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ထားတာမရှိပါဘူး။ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကယူဆထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်းနယ်စပ် ဂိတ်တွေကို ညီနောင်မဟာမိတ်သုံးဖွဲ့ကသိမ်းပိုက်ထားပြီးတဲ့နောက်ပိုင်း၊ စစ်ပွဲတွေရပ်ဖို့ တရုတ်အစိုးရက ဖိအားပေးနေတာတွေလည်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။