အာဏာရှင်တွေ နာမည်ဆိုးနဲ့ ကျော်ကြား

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2024.04.09
အာဏာရှင်တွေ နာမည်ဆိုးနဲ့ ကျော်ကြား ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Reuters

ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူမှန်သမျှလိုလို အာဏာရှင်တွေဖြစ်နေပြီး ဒီနေ့ထိ ကမ္ဘာမှာ နာဇီဂျာမနီအာဏာရှင် ဟစ်တလာက နံပါတ်တစ်က မဆင်းသေးပါဘူး။

၁၉၃၉ မှာ နာဇီဂျာမနီက ပိုလန်ကို ကျူးကျော်ချိန်မှာ ဒုတိယကမ္ဘာစစ်ဖြစ်ရပြီး လူသန်း ၆၀ ကနေ ၈၀ ထိ သေဆုံးရတယ်လို့ အမေရိကန်အခြေစိုက် History Channel က ပြောပါတယ်။

အမေရိကန်မှာပဲ အခြေစိုက်တဲ့ Biography အတ္ထုပ္ပတ္တိ ရုပ်သံကတော့ ဖက်ဆစ် ဟစ်တလာ့လက်ချက်ကြောင့် ဂျူး ၆ သန်းအပါအဝင် လူ ၁၁ သန်းထက်မနည်း သေဆုံးရတယ်လို့ ပြောပါတယ်။

"ဦးမင်းအောင်လှိုင်ကို အဆိုးဆုံးအာဏာရှင်ဆိုတာထက် အညံ့ဖျင်းဆုံးအာဏာရှင်လို့ ပြောရမယ်"

ပိုလန်ကို ဂျာမနီက ကျူးကျော်စစ်ဆင်နွှဲရာက တစ်ကမ္ဘာလုံး စစ်ဒဏ်သင့်ပြီး ဂျာမနီနဲ့ မဟာမိတ် ဂျပန်နိုင်ငံက ဟီရိုးရှီးမားနဲ့ နာဂါစကီကို အမေရိကန်က အဏုမြူဗုံးကြဲမှ ၁၉၄၅ မှာ ကမ္ဘာစစ် အဆုံးသတ်ပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံလည်း ကမ္ဘာစစ်ဒဏ်သင့်ရပြီး ဖက်ဆစ်ဂျပန်တွေ နှိပ်စက်သမျှ ခါးစည်းခံရပါတယ်။

ဂျပန်ခေတ်ကာလက နှိပ်စက်ခံရတာနဲ့ ၂၀၂၁ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်ကို နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က နှိုင်းယှဉ်ပါတယ်။

“ဂျပန်ဆိုတာ ပြည်ပအင်အားစု၊ ဖက်ဆစ်၊ ပြည်ပကနေ ကျူးကျော်ခံရတာ၊ ဗမာပြည် ဂျပန်ဝင်တုန်းက ဆိုးတယ် ဆိုတာ ဒီစစ်ကောင်စီလို ဆိုးဆိုးဝါးဝါး ဖျက်ဆီးတာ မတွေ့ရဘူး”

၁၉၆၂ မှာ စစ်ဖိနပ်အောက် စရောက်ခဲ့ရပြီး ၂၀၁၆ ကနေ ၂၀၂၁ နှစ်ဦးပိုင်းကလွဲလို့ ကြုံခဲ့ရတဲ့ စစ်အစိုးရ အဆက်ဆက်ထက်လည်း အခုစစ်ခေါင်းဆောင်ဟာ…

“ပြီးခဲ့တဲ့ စစ်အာဏာရှင်တွေ တစ်လျှောက်လုံးထက် ပြည်ပကျူးကျော်မှု မဟုတ်ဘဲ ကိုယ့်ပြည်သူလုထုပေါ် ဗုံးကြဲတာ၊ အမြောက်နဲ့ ပစ်တာ၊ ပစ်ခတ်သတ်ဖြတ်တာ၊ ရက်စက်မှုမျိုးစုံ တစ်ခါမှ မကြုံဖူးဘူး။ အရင် မဆလ ခေတ်က လုပ်ခဲ့တာဆိုလို့ အလွန်ဆုံး ဖြတ်လေးဖြတ်။”

ရိက္ခာ၊ ငွေကြေး၊ လူသတင်းဆက်သွယ်ရေး၊ လူသစ်စုဆောင်းတာတွေဖြစ်တဲ့ ဖြတ်လေးဖြတ်စနစ်ထက် ပိုလွန်လွန်ကဲကဲ ကိုယ့်လူထုပေါ် ကိုယ်ကျူးလွန်နေတာကို ပြောတာပါ။

CDM ဗိုလ်ကြီးလင်းထက်အောင်ကတော့ စစ်ကောင်စီ မီးရှို့သတ်ဖြတ်တာကို ထောက်ပြပါတယ်။

“ဒီခေတ်ကြီးမှာ သူတို့ပြောတဲ့ ခေတ်မီတပ်မတော်ကြီးလို့ပြောတဲ့ ခေါင်းဆောင်တွေ စစ်ဗိုလ်ချုပ်တွေ ဒီခေတ်ကြီးထဲ မီးရှို့သတ်ဖြတ်တာ သူတို့ကိုယ်တိုင် စိတ်လိုလက်ရ လုပ်ခဲ့တာ။ စစ်တပ်ကိုယ်တိုင် အားပေးအားမြှောက် လုပ်ခဲ့တာ။”

ဒါကတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ခင်ရန်းရွာမှာ မကွေးခရိုင် ယောကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဖိုးတေနဲ့ ကိုသားထောင်တို့ကို အရှင်လတ်လတ်မီးရှို့တဲ့ ဗီဒီယိုမှတ်တမ်း ဖေဖော်ဝါရီ ၆ ရက်က ထွက်လာတာကို ရည်ညွှန်းပြောတာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာမှတ်တမ်းတွေမှာတော့ ဟစ်တလာကို အဆိုးဆုံးအာဏာရှင်လို့ သတ်မှတ်ထားပါတယ်။

CDM တပ်မတော်သားကိုနောင်ရိုးကတော့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို အညံ့ဖျင်းဆုံးအာဏာရှင်လို့ ပြောတာပါ။

"ဦးမင်းအောင်လှိုင်ကို အဆိုးဆုံးအာဏာရှင်ဆိုတာထက် အညံ့ဖျင်းဆုံးအာဏာရှင်လို့ ပြောရမယ်။ ခေတ်စနစ်အပြောင်းအလဲကို နားမလည်ဘဲ ခေတ်နောက်ပြန်ဆွဲ အာဏာသိမ်းတဲ့ ဓလေ့စရိုက်နဲ့ သွားတယ်။"

ကမ္ဘာ့နာမည်ဆိုး နံပါတ်တစ် နာဇီအာဏာရှင် ဟစ်တလာဟာ ရက်ရက်စက်စက်သတ်တဲ့နေရာမှာ မယုံနိုင်စရာဖြစ်မယ့် သူ့လူမျိုးကို သူပြန်သတ်သူ မဟုတ်ပါဘူး။ တစ်ဘက်မှာ ရေစက်ခွက်ကိုင်ပြီး ဘုရားဒကာ ကျောင်းဒကာလုပ်နေတဲ့ လက်ရှိမြန်မာ စစ်ခေါင်းဆောင်ရဲ့လက်မှာ သူ့ပြည်သူတွေသွေးတွေ စွန်းထင်းနေတာပါ။ လူလိုတွေး လူလိုကျင့်သူတွေက လူသားမှ ဟုတ်ပါ့မလားလို့ တွေးရတဲ့ သူလို အာဏာရှင်တိုင်းလိုလို ဇာတ်သိမ်းမလှတဲ့ သဘောတရားကိုလည်း အများက လက်ခံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။