ကော့ကရိတ်မြို့ ၈၀ ရာခိုင်နှုန်းကို KNLA မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထား

ကော့ကရိတ်မြို့တွင်းက စစ်ကောင်စီတပ်နေရာတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေရာမှာ မြို့တွင်းက စစ်ရေးနေရာ ၈၀ ရာခိုင်နှုန်းလောက်အထိ ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်တွေရှိနေတဲ့ နေရာတွေကို ဆက်ပြီးတိုက်ခိုက်နေတယ်လို့ ကျားဖြူစစ်ကြောင်း တာဝန်ရှိသူ ဗိုလ်ကျော်ဟိန်းက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ဒီကျားဖြူနဲ့ ဒီပူးပေါင်းတပ်ဖွဲ့တွေ KNLA အဖွဲ့တွေနဲ့ပေါ့နော် အဲ့ဒီမှာ ကျွန်တော်တို့ ထိန်းချုပ်ထားတာဆိုရင် အခုဆိုရင် ၈၀ ရာခိုင်နှုန်းနီးပါးလောက် ရှိနေပြီပေါ့၊ သူတို့ကျန်တာ အနည်းအကျဉ်းလောက်ပဲကျန်တာ၊ ကျွန်တော်တို့နဲ့ တိုက်တာဆိုလို့ နဂါးဖြူကလည်း ပါတယ်နော်၊ ကျားဖြူအားလုံးပူးပေါင်းပေါ့နော်"

ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကနေ အခု ဧပြီလ ၅ ရက်အတွင်း ကော့ကရိတ်မြို့တွင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ဗိုလ်ကျာ်ဟိန်းက ပြောပါတယ်။

"အမှတ် ၃ ရယ်၊ နောက်ပြီးတော့ ဒီတောင်ပေါ်ကျောင်းပေါ့နော်၊ အဲ့နေရာတွေမှာ တိုက်ပွဲဖြစ်တယ်၊ ကျွန်တော်တို့ဘက်က ကျဆုံးမှုတွေ ရှိတယ်၊ ကျဆုံးက ရဲဘော်လေးယောက် ကျတယ်ပေါ့နော်၊ ခြောက်ယောက် ထိခိုက်ဒဏ်ရာရတယ်၊ ရန်သူဘက်ကတော့ ၁၅ ယောက်ဝန်းကျင် ကျပြီးတော့ အများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရရှိတယ်၊ နောက်ပြီးတော့ ရန်သူကလည်း တောက်လျှောက် အခုနောက်ပိုင်းကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ နေ့စဥ်နဲ့အမျှ ပစ်နေတာပေါ့နော်"

တိုက်ပွဲ စဖြစ်ချိန်ကစပြီး အခုလေးလကြာတဲ့အထိ မြို့ပေါ် ရပ်ကွက် ငါးရပ်ကွက်က ဒေသခံ နှစ်သောင်းကျော်ဟာ ဘားအံ၊ ကျုံဒိုး၊ သာမညနဲ့ နဘူးကျေးရွာဘက်မှာ စစ်ဘေးရှောင်နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

ခလရ (၉၇) စစ်တပ်က လက်နက်ကြီးပစ်တာနဲ့ မီးရှို့တာတွေကြောင့် ကိုယ့်နေရပ်ကို မပြန်ရဲသးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ စစ်ရှောင်မျိုးသမီးတစ်ဦးက ပြောပါတယ်။

"အခုရှောင်နေတာကတော့ ဘားအံမှာ ရှောင်နေတာပါ၊ ဒီ ၂၅ ရက်နေ့ကစပြီးတော့ မြို့ထဲအဝင်အထွက် မပေးတော့ဘူးလို့ ကြားတယ်၊ တစ်ချို့ ပစ္စည်းသယ်တဲ့ လူတွေဆိုလို့ရှိရင် ဒီတံတားကျိုးမှာ ပိတ်လို့ ပြန်လှည့်လာရတဲ့ လူတွေရှိတယ်၊ အဲ့ဒီမှာ တိုက်ပွဲ ဖြစ်တာ၊ လက်နက်ကြီးကျတာတွေ ဘာတွေဆိုတော့ မနေရဲတော့ဘဲ ပြန်ထွက်လာကြတဲ့ လူတွေရှိတယ်၊ တိုက်ပွဲဖြစ်တာတွေ ဘာတွေမရှိဘဲနဲ့ပေါ့နော် အသားလွတ်မီးလိုက်ရှို့တာနဲ့တင် တစ်ခါလောင်ရင် အိမ်က ၁၀၀ လောက်လောင်တယ်"

ဧပြီလ ၅ ရက်နေ့အထိ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်တွေကို စစ်ကောင်စီက နေ့တိုင်းနီးပါး လေကြောင်းက ဗုံးကြဲတာ၊ စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ် (စကခ ၁၂ ) ကနေ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲ ချတာကြောင့်လည်း မီးလောင်ပျက်စီးတဲ့နေအိမ် ၅၀၀ လောက်အထိ ရှိလာပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"မြို့ထဲမှာကတော့လေ တံတားဦးတို့၊ ဝင်းကြီး၊ ချောင်းတောင်တို့ အထက်ရွာတို့ကျတော့ နေလို့ အဆင်မပြေဘူး၊ တိုက်ပွဲက အဲ့ဒီနေရာမှာ ခဏခဏဖြစ်နေကြတာဆိုတော့ မြို့ထဲမှာလည်း အိမ်တွေ မီးလောင်ထားတာ ၅၀၀ လောက်တော့ ရှိနေပြီ"

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်း ပျက်စီးနေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ် ဧပြီလက တွေ့ရစဉ်။ (Photo: Citizen Journalist)
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်း ပျက်စီးနေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ် ဧပြီလက တွေ့ရစဉ်။ (Photo: Citizen Journalist)

ဧပြီလ ၅ ရက် မနက်ပိုင်းလောက်က ကော့ကရိတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရပ်ကွက်တချို့ မီးလောင်ခဲ့တယ်လို့ ကျားဖြူစစ်ကြာင်း တာဝန်ခံ ဗိုလ်ကျာ်ဟိန်းက ပြောပါတယ်။

"ဒရုန်းဗုံးသီး ၁၀ လုံးကျော်ကျော်လောက် သူတို့ကြဲတဲ့အခါကျတော့ အဲ့မှာမီးလောင်ဗုံးတွေနဲ့ ကြဲတဲ့အခါကျတော့ အဲ့ဒီဘက်ရပ်ကွက်တွေ မီးထလောင်တာရှိတယ်ပေါ့၊ အခုဒီညနေအထိကတော့ မီးကောင်း ကောင်း မငြိမ်းနိုင်သေးဘူးပေါ့နော်၊ ကျွန်တော်တို့လည်း ကြိုးစားပြီးတော့ ငြိမ်းနေပါတယ်၊ နောက်ပြီးတော့ သူတို့ဘက်က ဒရုန်းတွေသုံးတယ်၊ မီးလောင်ဗုံးတွေ တအားသုံးတဲ့ အခါကျတော့ ကျွန်တော်တို့ ကြည့်ပြီးတော့ စစ်ရေးဖော်ဆောင်နေရတာပေါ့နော်"

ကော့ကရိတ်မြို့က နှစ်ဘက်တိုက်ပွဲအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

လက်ရှိ ကရင်ပြည်နယ်အတွင်း မြဝတီသင်္ဃန်းညီနောင် စစ်ဗျူဟာ၊ ခလရ (၂၇၅) နဲ့ ကော့ကရိတ်မြို့ ခလရ (၉၇)၊ ဝေါလေဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ KNLA မဟာမိတ်စစ်ကြောင်းတွေက ထုတ်ပြန်ပါတယ်။