သဘာ၀ဘေးဒဏ်ခံခဲ့ရတဲ့ ကရင်နီဒေသခံ သုံးသောင်းကျော် အကူအညီတွေ လိုအပ်နေဆဲ

RFA Burmese
2024.11.05
သဘာ၀ဘေးဒဏ်ခံခဲ့ရတဲ့ ကရင်နီဒေသခံ သုံးသောင်းကျော် အကူအညီတွေ လိုအပ်နေဆဲ ရေကြီးနစ်မြုပ်နေသည့် လွိုင်ကော်မြို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
ကန္တရ၀တီတိုင်းမ် ဓာတ်ပုံ

ရာဂီမုန်တိုင်းကြောင့် ကယားပြည်နယ် (ကရင်နီပြည်) ထဲက မြို့နယ်ပေါင်း ဆယ်ခုလောက်မှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ကြုံခဲ့ရပြီး အခု နှစ်လကျော်ကြာလာတဲ့အချိန်ထိ ရေဘေးသင့်ပြည်သူ သုံးသောင်းကျော်အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒီအထဲမှာ လယ်ဧက သိန်းနဲ့ချီ ပျက်စီးခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်က စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။

တောင်သူအချင်းချင်းရှိတဲ့ စပါးကို မျှဝေကြဖို့နဲ့ အပြင်ကို မရောင်းဖို့ပါ ညှိနှိုင်းနေကြရတယ်လို့ ဖယ်ခုံ ဒေသခံတွေက ပြောပါတယ်။ စပါးကို ပိဿာနဲ့ အရောင်းအဝယ်လုပ်တဲ့ အဲဒီဒေသတွေမှာ လက်ရှိ စပါးတစ်ပိဿာအတွက် ငွေ ၁၅ဝဝ ကျပ်ကနေ ၃ဝဝဝ ကျပ်အထိ ဈေးတက်သွားတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဘိုးဘွားသက်တမ်းမှာ အခုလိုမျိုး ရေကြီးတာ၊ ရေတက်တာ တစ်ခါမှ မကြုံဖူးဘူးလေ"

ဒီထက် ဈေးတက်ရင် ပိုခက်ခဲလာနိုင်တာကြောင့် ဈေးတင်မရောင်းဖို့ တောင်သူအချင်းချင်း ညှိနှိုင်းနေကြပါတယ်။

စပါး ဆယ်ဧကကျော် ဆုံးရှုံးသွားတဲ့ ဖယ်ခုံမြို့ခံ စပါးစိုက်တောင်သူတစ်ဦးက “ကျွန်တော်တို့ အဓိကဆုံးရှုံးသွားတာ လယ်ပေါ့နော်။ လယ်က ဘာတစ်ခုမှ မရလိုက်တော့ဘူး။ ကျွန်တော်တို့ ဘိုးဘွားသက်တမ်းမှာ အခုလိုမျိုး ရေကြီးတာ၊ ရေတက်တာ တစ်ခါမှ မကြုံဖူးဘူးလေ။ တချို့က ကျွန်တော်တို့ စိုက်ပြီးတော့ ပေါင်းလိုက်နေတဲ့ဟာ ရခါနီးဟာလည်းရှိတယ်။ စပါးဈေးက တအားတက်တာပေါ့။ ဒါပေမဲ့ မျှမျှတတလေး မျှဝေကြမယ်လို့ အဲလိုပဲ သဘောတူထားရတယ်လေ။ တခြားပြင်ပ အရောင်းကို မထွက်ခိုင်းဘူး ရှိတဲ့ဟာနဲ့ စုစုစည်းစည်းလုပ်ပြီးတော့ စားသုံးကြဖို့ ပြီးတော့ ဈေးလည်း ဒီထက်မမြင့်ဖို့ပေါ့နော်” လို့ ပြောပါတယ်။

ရေဘေးကြောင့် နေအိမ် ၁၆ဝဝဝ ကျော်ရေနစ်မြုပ်ခဲ့တဲ့ လွိုင်ကော်မြို့မှာလည်း ဒီနေ့အထိ မြို့ပေါ်က မင်းစု၊ ဒေါနောခူးနဲ့ နမ့်ကွတ်ရပ်ကွက်တွေမှာ ရေပြန်မကျသေးတာကြောင့် ဒေသခံနှစ်ရာကျော်ဟာ သာသနဗိမာန်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

လွိုင်ကော် ဒေသခံတစ်ဦးက “ကျွန်တော်တို့ မင်းစုရပ်ကွက်တို့၊ ဒေါနောခူးရပ်ကွက်တို့ကျတော့ အနိမ့်ပိုင်းဖြစ်တာကျတော့ ရေက ရေသေကြီးလို ကျန်ခဲ့တာဗျ။ ပြန်ထုတ်မှ ရမယ်ထင်တယ်။ ရေစတက်သလိုမျိုး ဖြစ်နေတာ။ အဲဒီရေက သန့်လည်း မသန့်တော့ဘူး။ နုန်းမြေတွေကလည်း အများကြီး ကျန်သေးတယ်။ နမ့်ကွတ်ရပ်ကွက်ရယ်၊ ဒေါနောခူး ရပ်ကွက်ရယ်၊ မင်းစုရပ်ကွက်ရယ် အဲမှာနေတဲ့သူတွေကတော့ သာသနဗိမာန်ဆိုတာရှိတယ် အဲမှာပဲနေကြတာဗျ” လို့ RFA ကို ပြောပါတယ်။

အလှူရှင်တွေ နည်းသွားသလို ဒေသခံတွေ အနေနဲ့လည်း နေအိမ်တွေကို ပြန်ရှင်းလင်းလို့ မရသေးတာကြောင့် ခက်ခဲနေကြတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။ မြို့နဲ့အလှမ်းဝေးတဲ့ ရေဘေးသင့်ရွာတွေမှာတော့ မြို့ပေါ်ရပ်ကွက်တွေလောက် အကူအညီမရဘူးလို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

စစ်ဘေးနဲ့ ရေဘေးဒုက္ခသည်တွေကိုကူညီဖို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖိတ်ခေါ်

ရေဘေးကြောင့် သီးနှံစိုက်ဧက ကိုးသိန်း နီးပါး ပျက်စီး

စိုက်ခဲ့သမျှရေမျောသွားတဲ့ လှိုင်သာယာကလယ်သမား


လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်အခြမ်းမှာတော့ ရေဘေးဒဏ်အပြင် တောင်ပါပြိုခဲ့တာကြောင့် ကုန်ကားတွေပါ သွားမရဘဲ ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ဈေးနှုန်းတွေပါ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ကလည်း လွိုင်ကော်ကနေ ဖရူဆိုမြို့နယ်အတွင်း ကုန်စည်သယ်ဆောင်ခွင့်ကို ၂ဝ၂၃ ခုနှစ်ကတည်းက ကန့်သတ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ ကြက်ဥတစ်လုံးကို ငွေကျပ် ခြောက်ရာကနေ တစ်ထောင်အကြား၊ ကော်ဖီမစ်တစ်ထုပ်ကို ရှစ်ရာဝန်းကျင် ပေးဝယ်နေရတာတောင် ပစ္စည်းလိုသလောက်မရှိဘူးလို့ ဖရူဆိုဒေသခံတွေက ပြောပါတယ်။

ဆန်ကြမ်းတစ်အိတ်ကိုလည်း တစ်သိန်းနှစ်သောင်း (၁၂ဝ,ဝဝဝ) ကျပ်အထိ ဈေးတက်သွားတာကြောင့် ဖရူဆိုအနောက်ဘက်အခြမ်းမှာ နေထိုင်တဲ့ ဒေသခံတွေ စပါးကိုထောင်းပြီး စားနေရပါတယ်။

“အခုက ပစ္စည်းတွေလည်း ပိုပြီးတော့ ရှားလာတယ်ပေါ့နော့်။ ကြက်ဥတွေကအစ ကျွန်မတို့ ရှာလို့မရတော့ဘူးပေါ့နော်။ ကုန်ခြောက်တွေကအစ မရောက်လာတော့ဘူးပေါ့ အဲလိုဖြစ်နေတယ်။ တစ်ပတ်မှာ တစ်ကြိမ်၊ တစ်လမှာ တစ်ကြိမ်လောက်တော့ ရောက်တယ်။ အခုမလာတော့တာကြာပြီ။ မိုးကြီးပြီးတော့ တံတားတွေပြိုပြီး နောက်ပိုင်း ကားတွေသွားလို့ မရတော့ဘူးဆိုပြီး မလာတော့ဘူး။ အဲလိုမျိုးတွေတော့ရှိတယ်။ ဆန်ကကျတော့ ကျွန်မတို့ နောက်ပိုင်းဝယ်စားရတာ ဈေးကြီးတော့ အခုချိန် စပါးပုတ်တဲ့အချိန်ဆိုတော့ စပါးကို ပြန်ထောင်းစားကြရတယ် အဲလိုတော့ ဖြေရှင်းနေကြတယ်”

၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အပါအဝင် ကယားပြည်နယ်ထဲက လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးဘောင်းခူ၊ ဒီးမော့ဆို (အရှေ့ပိုင်း) ၊ ဟိုယာ၊ ဘောလခဲ၊ မော်ချီး၊ ဆိုမို/ဖေစိုးလေးနဲ့ မယ်စဲ့မြို့နယ်ထဲက ဒုက္ခသည်စခန်း ၁၆ ခုနဲ့ ရွာပေါင်း ၅၄ ခုမှာရှိတဲ့ လူဦးရေ သုံးသောင်းကျော် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတာပါ။

ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဒီးဘောင်းခူ ဒေသခံ ၁၈ ဦးနဲ့ လွိုင်ကော်၊ ဖယ်ခုံ၊ ဆိုမို/ဖေစိုးလေးမြို့နယ်တွေက ဒေသခံတွေ အပါအဝင် ဒေသခံ စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့နယ်က လူဦးရေ ၁၆ဝဝဝ ကျော် ရေဘေးဒဏ်အဆိုးဆုံးခံခဲ့ရပြီး ဖယ်ခုံမြို့နယ်မှာတော့ လူဦးရေ ခြောက်ထောင်ကျော်နဲ့ ဒုတိယအများဆုံး ရေဘေးဒဏ်ခံခဲ့ရတာပါ။

ဒီးမော့ဆိုနဲ့ နမ့်မယ်ခုံမြို့နယ်တွေကတော့ လူဦးရေ နှစ်ထောင်ကျော်နဲ့ တတိယအများဆုံး ရေဘေးသင့်ခဲ့ရတယ်လို့ IEC ရဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က အဲဒီဒေသတွေကို အကူအညီမပေးတဲ့အပြင် စားနပ်ရိက္ခာကိုပါ ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ IEC အတွင်းရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။ ဒါကြောင့် IEC က သဘာဝဘေးနဲ့ စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာကို အကူအညီတောင်းထားပါတယ်။

“အကူအညီတောင်းခံရခြင်း အကြောင်းအရင်းက စစ်ဘေးရော၊ သဘာဝဘေးရော ကြုံနေရတဲ့ပြည်သူတွေကို တောင့်ခံနိုင်အောင် အကူအညီပေးဖို့အတွက်ပေါ့နော်။ နိုင်ငံတကာ အေဂျင်စီတွေ၊ အဖွဲ့အစည်းတွေ အနေနဲ့ကလည်း ကျွန်တော်တို့ IEC နဲ့ ချိတ်ဆက်တာဖြစ်စေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ငွေကြေးဆိုင်ရာ ပံ့ပိုးခြင်းအားဖြင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ စားနပ်ရိက္ခာနည်းလမ်းတွေကို ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ သူတို့ရဲ့အကူအညီတွေကို ကျွန်တော်တို့ မျှော်လင့်တာပါ။ ဒါပေမဲ့ အခုချိန်အထိတော့ ဟုတ်တိပတ်တိတော့ မရသေးတာ အမှန်ပါပဲခင်ဗျ”

လက်ရှိ ကယားပြည်နယ်ထဲမှာ စစ်ဘေးနဲ့ သဘာဝဘေးကြောင့် လူပေါင်း တစ်သိန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သူတို့အတွက် တစ်လစာ စားနပ်ရိက္ခာကုန်ကျငွေဟာ အမေရိကန်ဒေါ်လာ သုံးသန်းကျော် (၃,ဝ၅၆,၈၁၇) ရှိတယ်လို့လည်း IEC ဘက်က ပြောပါတယ်။

သဘာဝဘေးကြောင့် မိသားစု နှစ်ထောင်နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စိုက်ပျိုးဧက တစ်သောင်းကျော် (၁၀၈၆၇ ဒသမ ၄၁ ဧက) ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

IEC ရဲ့ အချက်အလက်တွေအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီကတော့ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေမှာ လူပေါင်း ၄၃၆ ဦးသေဆုံးခဲ့ပြီး ရေစီးနဲ့မျောပါပျောက်ဆုံးသူ ၆၆ ဦးရှိခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ရေဘေးသင့်ဒေသအတွက် ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ ကူညီထောက်ပံ့ငွေ ကျပ်ဘီလီယံ လေးဆယ်ကျော်ကို စက်တင်ဘာလအတွင်းမှာ လက်ခံရရှိခဲ့ပြီး အဲဒီငွေတွေကို ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ သုံးသွားမယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Facebook/ Ye Naung Seven Colour)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Facebook/ Ye Naung Seven Colour)

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်း ခုနစ်ဆယ်ကျော်က လူပေါင်းတစ်သန်းလောက် ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ မြန်မာနိုင်ငံက စားနပ်ရိက္ခာအခက်အခဲတွေအတွက် ဥရောပသမဂ္ဂ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ထောက်ပံ့ခဲ့တယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီရန်ပုံငွေနဲ့ ရေကြီးရေလျှံမှုဒဏ် ခံစားရသူတွေအတွက် အရေးအပေါ်အသက်ကယ် စားနပ်ရိက္ခာ ထောက်ပံ့ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ လေးပုံတစ်ပုံဖြစ်တဲ့ ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေပြီး အဲဒီအထဲက ၂ ဒသမ ၇ သန်းဟာ အရေးပေါ်အခြေအနေ ရင်ဆိုင်နေရတယ်လို့ WFP က ပြောထားပါတယ်။

ဒါ့အပြင် အမေရိကန် အစိုးရကလည်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် အမေရိကန်ဒေါ်လာ သုံးသန်းလှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။