စိုက်ခဲ့သမျှရေမျောသွားတဲ့ လှိုင်သာယာက လယ်သမား
2024.11.04
ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း သိန်းနဲ့ချီတဲ့ လယ်မြေတွေရေနစ်ပြီး စပါးခင်းတွေ ပျက်စီးခဲ့ရပါတယ်။ ရေဘေးသင့်လယ်သမားတွေကတော့ ဘဝကို ပြန်ထူထောင်နိုင်ဖို့ရာ အခုထိ အဖြေမတွေ့ကြသေးပါဘူး။
မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ လယ်သမားတွေထဲမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဦးမျိုးသန်းလည်း ပါခဲ့ပါတယ်။
“ရေကြီးတော့ ပျက်စီးသွားတယ်။ ရေက ထိုးတက်သွားတာ။ ခရုတွေကလည်းကိုက်တော့ ဆုံးရှုံးသွား တယ်။ ခရုဆေးဝယ်ဖြန်းဖို့ကလည်း ပိုက်ဆံကမရှိ။ အဆင်မပြေတော့ဘူးလေ။ ရေများသွားတော့ အကုန်လုံးဆိုရင် ၁၁ ဧကလောက် ရှိတယ်။ ၁၁ ဧကမှာ ကျန်တာဆိုလို့ တစ်ဧကလောက်ပဲ ကျန်မယ်။ အဲဒါကိုမှ အလေ့အကျပေါက်တဲ့ဟာတွေပါ မာလာမွှေးတို့ ကုန်သွားတယ်။ ဝယ်ကြဲတဲ့ဟာအကုန်လုံး ကုန်သွားတယ်”
ကလေးနှစ်ယောက်အဖေ ဦးမျိုးသန်းဟာ မိသားစုငါးယောက် စားဝတ်နေရေးအတွက် မြေ ၁၁ ဧကငှားပြီး စပါးစိုက်ထားတာပါ။ လယ်ငှားခအတွက် တစ်ဧကကို စပါး ခုနစ်တင်းနှုန်းပေးရပါတယ်။ အခုတော့ စိုက်ခဲ့သမျှ ရိတ်သိမ်းရမှာက အကြွေးတွေပဲ ဖြစ်ပါတယ်။
“အဲဒီလိုဖြစ်သွားတော့လည်း ခံစားရတာပေါ့။ ပြောမယ်ဆိုရင် ထွက်ပြေးချင်စိတ်တောင်ပေါက်တာပေါ့။ ဒါပေမဲ့ ကိုယ့်စိတ်ကိုယ်တော့ ပြန်ထိန်းရတာပေါ့”
လတ်တလောမှာတော့ တစ်မျှော်တစ်ခေါ် ရေနစ်နေတဲ့လယ်ကွင်းမှာ ငါးဖမ်းပြီး ဝမ်းစာရှာနေရပါပြီ။
“အခုအသက်မွေးဝမ်းကျောင်း ဘယ်လိုပြုလဲဆိုတော့ ပိုက်လေးချလိုက် မြှုံးလေးထောင်လိုက်ပေါ့။ ဒီလိုပဲရုန်းကန်ရတာပေါ့ အဆင်ပြေသလို လုပ်ရတာပေါ့။ မိန်းမ ဗိုက်ခွဲမွေးတော့ ပိုဆိုးတာပေါ့။ ခုကရသလောက်တော့ စားရတယ်”
စက်တင်ဘာလ ၁၀ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမြေဧက ခုနစ်သိန်းခွဲကျော် ရေနစ်မြုပ်ပျက်စီးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ တောင်ပေါ်မြေပြန့်အနှံ့ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေဖြစ်ခဲ့ပါတယ်။
လမ်းတံတား၊ ဆက်သွယ်ရေးကွန်ရက်တွေ၊ စိုက်လက်စ ကောက်ပဲသီးနှံတွေ၊ လယ်မြေတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
အခုနှစ်ထဲမှာ ဇူလိုင်လဆန်းကနေ စက်တင်ဘာလကုန်ခါနီးအထိ ၃ လအတွင်း စိုက်ပျိုးမြေဧက ၈ သန်းကျော်ရေလွှမ်းခံခဲ့ရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP - Myanmar က ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက်မှာထုတ်ပြန် ထားတာတွေ့ရပါတယ်။ ဒါဟာ Sentinal-1 ဂြိုလ်တုကနေဉာဏ်ရည်တုနည်းပညာနဲ့ကောက်ထားတဲ့ အချက်ဖြစ်လို့ တကယ့်အခြေအနေနဲ့ ကွဲလွဲမှုရှိနိုင်တယ်လို့လည်း ISP - Myanmar ကအသိပေးထားပါတယ်။
ရေဘေးဒဏ်ခံရတဲ့ပြည်သူတွေကို စစ်ကောင်စီက ကူညီခဲ့တယ်ဆိုတဲ့သတင်းတချို့တွေ့ရပါတယ်။ ဒါပေမဲ့ ဦးမျိုးသန်းတို့လို လယ်သမားတွေဆီ တိုက်ရိုက်ရောက်တာတော့ မတွေ့ရသေးပါဘူး။
ဆက်နွှယ်သောသတင်းများ
ရေဘေးဘယ်လောက်ထိ ဆိုးရွားနိုင်သလဲ
င်ငံတစ်ဝန်း သီးနှံစိုက်ဧက ခြောက်သိန်းခွဲနီးပါး ရေနစ်မြုပ်
စိုက်ပျိုးမြေဧက သိန်းနဲ့ချီ ပျက်စီးတဲ့အတွက် ဆန်အိတ်ပေါင်း သန်းနဲ့ချီ လျော့နိုင်
ဦးမျိုးသန်းရဲ့ဇနီးက ဒုတိယကလေးကို မွေးပြီးခါစပဲ ရှိပါသေးတယ်။ ကလေးနှစ်ယောက်နဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဦးမျိုးသန်းဟာ ရေနစ်နေတဲ့ လယ်ကွင်းကျယ်ကြီးကို ကြည့်ပြီး အကြံအိုက်နေပါတော့တယ်။
“ဘုရားသခင်ကိုတော့ ဆုတောင်းပါတယ်။ ကူညီမစမယ့်သူတွေ အမြန်ပေါ်ပေါက်စေလို့ ဆုတောင်းနေရတာ။ အဲဒီလိုမှပဲ ရတော့မှာ။ ကိုယ့်အားကိုယ်ကိုးတော့ ဘယ်လိုမှ မရတော့ဘူး”