စစ်ဘေးနဲ့ ရေဘေးဒုက္ခသည်တွေကိုကူညီဖို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖိတ်ခေါ်

RFA Burmese
2024.10.28
စစ်ဘေးနဲ့ ရေဘေးဒုက္ခသည်တွေကိုကူညီဖို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖိတ်ခေါ် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကယားပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ရေကြီးနေသည်ကို တွေ့ရစဉ်။
Karenni Humanitarian Aid Initiative

ကယား (ကရင်နီ) ပြည်နယ်က စစ်ဘေးနဲ့ ရေဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာမှုနဲ့ ပြန်လည် ထူထောင်ရေးအကူအညီတွေပေးကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အောက်တိုဘာ ၂၈ ရက် ဒီနေ့ ဖိတ်ခေါ်လိုက်ပါတယ်။

စစ်ဘေးနဲ့ သဘာ၀ဘေးသင့်ပြည်သူတစ်သိန်းခွဲအတွက် စားနပ်ရိက္ခာ၊ သဘာဝဘေးသင့် အိမ်ထောင်စု နှစ်ထောင်နီးပါးအတွက် ပြန်လည်ထူထောင်ရေးနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီဒေသတွင်း ထိခိုက်ပျက်စီးမှုတွေအတွက် IEC က အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေးခဲ့ပေမဲ့ လိုအပ်ချက်တွေ ကြီးမားနေဆဲလို့ ဆိုပါတယ်။ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ စိုက်ပျိုးမြေ ဧက တစ်သောင်းကျော် ပြန်ပြုပြင်ဖို့အတွက် လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကလည်း စစ်ဘေးနဲ့ သဘာဝဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထိန်းချုပ်ကန့်သတ်တာတွေ ရှိနေတယ်လို့ IEC က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်း နဲ့ ဆက်သွယ်ခဲ့ပေမဲ့ လတ်တလောမှာ မရသေးပါဘူး။

ကရင်နီဒေသမှာ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ဖယ်ခုံ၊ လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးဘောင်းခူ၊ ဒီးမောဆို၊ ဟိုယာ၊ ဘော်လခဲ၊ မော်ချီး၊ ရှားတောနဲ့ မယ်စဲ့ စတဲ့နေရာတွေမှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၆ ခုနဲ့ ကျေးရွာ ၅၄ ရွာက ဒေသခံတွေ ရေဘေးသင့်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။