မြင်းခြံနဲ့ ငါန်းဇွန်မှာ စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် ခုနစ်ဦး သေဆုံး
2024.12.07
မန္တလေးတိုင်း၊ မြင်းခြံနဲ့ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်တာနဲ့ လေကြောင်းက တိုက်ခိုက်တဲ့အတွက် ဒီလ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်း အရပ်သား သုံးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၇ ရက်နေ့က ပြောပါတယ်။
မြင်းခြံမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၅) က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင် တစ်ရာလောက် မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စီးနင်းပြီး နေအိမ် နှစ်ရာလောက်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တဲ့အတွက် သစ်ရုံရွာက အသက် ၂၀ အရွယ် အမျိုးသမီးနှစ်ဦးနဲ့ ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးလည်း သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"၅ နာရီခွဲကျော်ကျော်လောက်မှာ ရွာထဲကို ပစ်ခတ်ဝင်လာပြီးတော့ ရွာကို မီးရှို့တာဗျ။ တော်လှန်ရေးအင်အားစုတွေ ရောက်တဲ့အချိန်ကျတော့ သူတို့က မီးရှို့နေပြီ။ တော်တော်ရှို့ပြီးသွားပြီ။ အဲဒီအချိန်မှာ တော်လှန်ရေးအင်အားစုတွေက လိုက်ပစ်တယ်။ ပစ်တဲ့အချိန်မှာ ဒီတော်လှန်ရေးအင်အားစုဘက်ကတော့ နှစ်ယောက် ကျတယ်ပေါ့နော်။ နှစ်ယောက် ကျတယ်။ သူတို့ ထွက်ပြေးသွားတယ်ပေါ့ဗျာ။ အနောက်က လိုက်ပစ်တဲ့အခါကျတော့။ ထွက်ပြေးသွားပြီးတော့မှ တစ်ခါ လက်နက်ကြီးနဲ့ သူက ရွာဘက်ကိုပြန်ပစ်တော့ ရွာထဲကို ကျတာက ပြည်သူသုံးဦးက အဲဒီမှာ ဆုံးသွားတယ်ပေါ့။ ဆုံးပြီးတော့ ပြည်သူ နောက်တစ်ယောက်က ဒဏ်ရာရတယ်ဗျ"
တစ်နာရီကျော်ကြာတဲ့ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေးဦး သေဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပေမဲ့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီဇင်ဘာလ ၇ ရက် မနက်မှာ အဲဒီစစ်ကြောင်းဟာ မြင်းခြံမြို့ကို တပ်ပြန်ဆုတ်သွားတယ်လို့လည်း ဆိုပါတယ်။
"လူတွေတော့ ကြောက်လန့်ထွက်ပြေးနေရတာ။ လက်နက်ကြီးကလည်း ပစ်နေတာ"
သစ်ရုံရွာကို စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားတာကြောင့် ဒေသခံ တစ်ထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးရပြီး အိမ်မပြန်နိုင်ကြသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သစ်ရုံရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"လူတွေတော့ ကြောက်လန့်ထွက်ပြေးနေရတာ။ လက်နက်ကြီးကလည်း ပစ်နေတာ။ အခုကတော့ ပြန်မကပ်သေးဘူးပေါ့။ ကြောက်လန့်လို့ တောတွေထဲ ထွက်ပြေးပေါ့။ အနီးအနား ရွာဝန်းကျင်တွေကို သွားတဲ့သူက တိမ်းရှောင်ပေါ့။ ဆွေမျိုးသားချင်းတွေဘက်ရှိတဲ့ဆီ တိမ်းရှောင်တဲ့သူက တိမ်းရှောင်ပေါ့။ ကျွဲ၊ နွားက အစပေါ့ဗျာ။ အကုန် တိမ်းရှောင်နေရတာပေါ့"
အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့ညကလည်း ငါန်းဇွန်မြို့နဲ့ ခြောက်မိုင်ပဲဝေးတဲ့ သကျင်ရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၃၀ အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားပါတယ်။
ဒီတိုက်ခိုက်မှုမှာ အရပ်သားတွေဖြစ်ကြတဲ့ အသက် ၃၀ ကျော်အရွယ် ကိုဖိုးပါးနဲ့ ၅၀ အရွယ် ဦးမွှေးနီတို့ နှစ်ဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ကာကွယ်ရေးတပ်က ပြောပါတယ်။
ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ တိုက်ပွဲမဖြစ်ဘဲ PDF တွေထိန်းချုပ်ထားတဲ့ သကျင်ရွာကို လေကြောင်းက တိုက်ခိုက်တာလို့ RFA ကိုပြောပါတယ်။
"တိုက်ပွဲမရှိတဲ့အချိန်မှာ သူတို့က ညမှာ ဒီ Y -12 နဲ့ပေါ့နော်။ ၉ နာရီထိုးလောက်ကို ဗုံးလာကြဲသွားတာပေါ့နော်။ အဲဒါ နေအိမ်သုံးလုံး ပျက်စီးပြီး ရဲဘော်နှစ်ဦး ကျတယ်။ နွားငါးကောင် သေသွားတယ်။ တိုက်ပွဲမရှိဘူး။ မြေပြင်စစ်ကြောင်း မရှိဘူးဗျ။ နောက်တစ်ခုက ကိုဖိုးပါးကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိတယ်။ ဦးမွှေးနီကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်"
ဆက်နွှယ်သောသတင်းများ
နွားထိုးကြီးမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၁ ဦးရှိလာ
မြင်းခြံတိုက်ပွဲမှာ PDF ထိန်းချုပ်ထားတဲ့ နေရာတချို့ ဆုတ်ခွာပေးရ
ငါန်းဇွန်မှာ ငါးရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆ ဦးရှိလာ
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ မန္တလေးတိုင်း စစ်ကောင်စီရဲ့ ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီဇင်ဘာလ ၇ ရက်နေ့က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေကြားပါဘူး။
ခုရက်ပိုင်းတွေထဲ မန္တလေးတိုင်း နွားထိုးကြီး၊ မြင်းခြံနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်ရော လေကြောင်းကပါ ပို တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်တဲ့အတွက် ဒီဇင်ဘာလ ၁ ရက်ကနေ ၆ ရက်အထိ အဲဒီမြို့နယ်သုံးခုမှာ လူ ၁၈ ဦး သေဆုံးပါတယ်။