ရန်ကုန်က မြို့နယ်အချို့မှာ တစ်ရက်တည်း လူငယ် ၁၃ ဦး ဖမ်းဆီးခံရကြောင်း မြို့ခံတွေ ပြော

RFA Burmese
2024.04.06
ရန်ကုန်က မြို့နယ်အချို့မှာ တစ်ရက်တည်း လူငယ် ၁၃ ဦး ဖမ်းဆီးခံရကြောင်း မြို့ခံတွေ ပြော ရန်ကုန်မြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားတချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
AFP

ရန်ကုန်တိုင်း၊ သန်လျင်၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွေမှာ ဧပြီလ ၅ ရက်မနေ့က အသက် ၁၈ နှစ်ကနေ ၂၀ အကြား လူငယ် ၁၃ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သန်လျင်မြို့နယ်မှာ ဧည့်စာရင်း အကြောင်းပြပြီး ခုနစ်ဦး၊ ဒေါပုံနဲ့ သာကေတမြို့နယ်မှာ လမ်းသွားလမ်းလာ တစ်ဦးစီ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အလုပ်သွားဖို့ပြင်နေသူ နှစ်ဦးနဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေသူ နှစ်ဦး စုစုပေါင်း လူငယ်အမျိုးသား ၁၃ ဦး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

“စစ်ကောင်စီဟာ သင်တန်းပေးပြီး စစ်မြေပြင် အမြန်လွှတ်နိုင်ဖို့ လူငယ်တွေကို အခုလိုဖမ်းဆီးနေတာပါ”

သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်က လူငယ် သုံးဦးနဲ့ ညောင်သုံးပင်ရပ်ကွက်က လူငယ် လေးဦးကို ဧည့်စာရင်းအကြောင်းပြ ဖမ်းသွားတယ်လို့ အမည်မဖော်လိုတဲ့ သန်လျင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနက် ရှစ်နာရီလောက် ညောင်သုံးပင်ကျေးရွာက အဆောင်မှာနေတဲ့ အထည်ချုပ်အလုပ်သမား လူငယ်လေးဦးကို ဝင်ဖမ်းသွားတယ်။ ဦးရွှေရိုး လမ်းမှာနေတဲ့ လူငယ်သုံးဦးကို မနက် ၁၀ နာရီလောက်မှာ ဖမ်းတာ။ အဲဒီလမ်းကို ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို ဖမ်းသွားတာ။ သူတို့အိမ်က လူကြီးတွေမရှိတော့ ဘာမှမပြောလိုက်နိုင်ဘဲ ကားပေါ် ဆွဲတင်သွားတာပါ”

မိသားစုဝင်တွေအနေနဲ့ သန်လျင် မြို့မရဲစခန်းကို သွားရောက်စုံစမ်းခဲ့ပေမယ့် ဘာမှသတင်းမရဘူးလို့ ဆိုပါတယ်။

အင်အား လေးဆယ်ဝန်းကျင်ပါ စစ်ကောင်စီ တပ်သားတွေဟာ မနက် ခြောက်နာရီကစပြီး သန်လျင်မြို့က အမှုထမ်းရပ်ကွက်၊ ညောင်သုံးပင်ကျေးရွာ၊ ပဲခူးစုရပ်ကွက်နဲ့ မြို့မတောင်ရပ်ကွက်တွေကို ကင်းလှည့်ပြီး သန်းခေါင်စာရင်း (ဧည့်စာရင်း) စစ်ဆေးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

၂ဝ၂၁ ခုနှစ် မေလ ၇ ရက်နေ့က ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ (Photo: AFP)
၂ဝ၂၁ ခုနှစ် မေလ ၇ ရက်နေ့က ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ (Photo: AFP)

မင်္ဂလာတောင်ညွန့်မြို့နယ်မှာလည်း လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ လူငယ်သုံးဦးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မင်္ဂလာတောင်ညွန့်မှာဆိုရင် မဲရွေးတဲ့စနစ်ပေါ့နော်။ မဲပေါက်တဲ့သူတွေအကုန် ထွက်ပြေးသွားကြတယ်။ အဲဒီအတွက် အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လက်ဖက်ရည်ဆိုင် ထိုင်သောက်နေတဲ့လူငယ်တွေကိုပါ ကားပေါ်ခေါ်တင်သွားတယ်။ အစားထိုးဆွဲတဲ့ သဘောမျိုးပေါ့”

လူငယ်တွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဟာ သင်တန်းပေးပြီး စစ်မြေပြင် အမြန်လွှတ်နိုင်ဖို့ လူငယ်တွေကို အခုလိုဖမ်းဆီးနေတာလို့ သုံးသပ်ပါတယ်။

“သင်္ကြန်ကာလအလွန်မှာ သူတို့ နှစ်လသင်တန်းတွေစဖို့အတွက် အင်အားငါးထောင် ပြင်ဆင်နေတာ။ အခုဟာက တစ်နှစ်လုံးဆိုရင် အင်အား ငါးသောင်းပေါ့။ လေ့ကျင့်တည်ဆောက်ဖို့အတွက် အခုဟာက အချိန်ဇယားနဲ့ ကိုက်ညီနိုငိအောင် အပြင်းအထန် လုံးပန်းနေတာပါ”

ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးမယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်မှာ ကြေညာခဲ့ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူအနေနဲ့ငြင်းဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချဖို့လည်း အဲဒီဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုကြောင့် ထိခိုက်ခံစားနေရသူတွေအတွက် အကူအညီပေးနိုင်ဖို့ ပြည်သူ့ရေးရာ ဝန်ဆောင်မှု အစီအစဉ်ကို မတ်လ ၃၀ ရက်မှာစတင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။