စစ်ကိုင်းတိုင်းမှာ နယ်မြေစိုးမိုးမှုပြန်ရဖို့ စစ်ကောင်စီ ကြိုးပမ်း

အခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ကလေး၊ ကနီ၊ မင်းကင်း၊ တန့်ဆည်၊ ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့် စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ ပထမဆုံးလက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့ကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ခပ်စိပ်စိပ် ထိုးစစ်ဆင်တိုက်ခိုက်နေသလို မြို့တွေကိုပါ တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်းနေပါတယ်။

"ကာကွယ်ရေးတပ်တွေအနေနဲ့ အရင်ကထက် စစ်ရေးစွမ်းရည်တိုးတက်လာပေမယ့် စိန်ခေါ်မှုတွေရှိနေဆဲပါပဲ"

စစ်ရေးဗျူဟာကို စနစ်တကျပြင်ဆင်ပြီးမှသာ စစ်ဆင်ရေး ဆောက်ရွက်နေတာဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

“လက်ရှိအနေအထားမှာကိုပဲ စစ်ကိုင်းမှာ သိမ်းထားတဲ့မြို့တွေရှိသလို ရလုနီးပါးမြို့တွေလည်း ရှိပါတယ်။ ဒါကြောင့် မြို့တွေကိုသိမ်းနိုင်တဲ့ ထိုးစစ်ဆင်နိုင်တဲ့ အနေအထားမျိုးတော့ ရှိနေပြီဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း ထိုးစစ်တွေ ဆောင်ရွက်လာမယ့် အနေထားမျိုးတွေ ရှိပါတယ်။ စကစက နည်းဗျူဟာပိုင်း နည်းပညာပိုင်းသုံးစွဲမှုပိုင်းမှာ ပြောင်းလဲမှုရှိတယ်။ ဒရုန်းတွေ ပိုသုံးလာတာမျိုးရှိတယ်။ နောက်ပြီး သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ ဗုံးကျဲလာတာမျိုးတွေ ရှိတယ်ပေါ့”

မတ်လ ၂ ရက်နေ့မှာ ကနီမြို့ကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်းခဲ့ပြီး အစောပိုင်းမှာ စစ်ရေးအသာစီးရခဲ့ပေမယ့် စစ်ကောင်စီက တပ်အင်အား ပြန်လည်ဖြည့်တင်းပြီး ခုခံတိုက်ခိုက်ခဲ့သလို လေကြောင်းသုံးတိုက်ခိုက်မှုတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။

ကာကွယ်ရေးတပ်တွေအနေနဲ့ အရင်ကထက် စစ်ရေးစွမ်းရည် တိုးတက်လာပေမယ့် စိန်ခေါ်မှုတွေရှိနေဆဲပဲလို့ ကနီ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ပူးပေါင်းမှုအားကတော့ နည်းတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် မဆိုးဘူး၊ တော်တယ်လို့ ပြောရမှာပေါ့။ ရှေ့တန်း ရဲဘော်တစ်ယောက်ကို ကျည်ကို လုံလုံလောက်လောက်ပေးရင်တော့ ကျွန်တော်တို့ အပြတ်သိမ်းနိုင်မယ်လို့ မြင်တာပေါ့။ ကျည်အားနည်းတဲ့အခါ ရဲဘော်တစ်ယောက်က နဂိုတုန်းက နှစ်ရာ၊ နှစ်ရာ့ငါးဆယ် ပေးနိုင်တာ။ အခုတိုက်ပွဲက တချို့ ရဲဘော်လေးတွေက ကျည်နည်းတယ်။ ရင်းတွေ တော်တော်များများက ရှေ့တန်းရဲဘော်တွေကို ကျည်အပြည့်ဖြည့်ပေးမယ်လို့ ကျွန်တော်က မြင်တာပေါ့”

အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်တဲ့ မုံရွာမြို့အပါအဝင် ကျန်တဲ့မြို့အနားတစ်ဝိုက်က ရွာတွေကို စစ်ကောင်စီတပ်တွေ အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးနေပြီး ရွာတွေဘက်ကို လက်နက်ကြီးနဲ့ နေ့စဉ်နီးပါး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ရွာတွေကနေတစ်ဆင့် မြို့ပေါ်က စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်လာမှာ စိုးရိမ်တာကြောင့် မုံရွာမြို့ လုံခြုံရေးကို အရင်ကထက် တင်းကျပ်ထားသလို မြို့နားတစ်ဝိုက် ရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ မုံရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က PDF တွေကို ကျေးရွာတွေက ထောက်ပံ့နေတယ်လို့ တွက်စမှာပေါ့။ ရွာတွေကိုမီးရှို့ရင် PDF တွေကိုလည်း မထောက်ပံ့နိုင်တော့ဘူး။ PDF တွေလည်း မရပ်တည်နိုင်ဘူး။ PDFတွေရှိလို့ ရှို့တယ်ဆိုတော့ PDF တွေနဲ့ သွေးခွဲတယ်လို့ မြင်တယ်။ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) ကို တော်တော်နဲ့တော့ အထိခိုက်ခံမှာမဟုတ်ဘူး။ မြို့ထဲ အဝင်၊အထွက် လမ်းကြောမှန်သမျှကို သူတို့ပိတ်ထားတယ်။ PDF တွေ အရင်တုန်းကလို လွယ်လင့်တကူ ဝင်လို့မရအောင် ပိတ်ဆို့ထားတာ ရှိတယ်”

စစ်ကောင်စီအနေနဲ့ မြို့ပေါ်မှာပဲ နယ်မြေစိုးမိုးနိုင်ပြီး ရွာတွေဘက်ကိုတော့ ကာကွယ်ရေးတပ်တွေက စိုးမိုးထားတာကြောင့် တစ်ရွာပြီးတစ်ရွာကို စစ်ကြောင်းထိုးပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့လည်း ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအခြေအနေ၊ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်တို့ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ အခုနှစ် သုံးလအတွင်း စစ်ကိုင်းတိုင်းက ရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဒေသခံ ငါးဆယ်ကျော် ရှိပါတယ်ရှင်။