မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို မြန်မာ-တရုတ် ပူးပေါင်းဖမ်းဆီး

RFA Burmese
2024.04.02
မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို မြန်မာ-တရုတ် ပူးပေါင်းဖမ်းဆီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ကြသည့် တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ စစ်ကောင်စီမှ ထုတ်ပြန်ထားစဉ်။
Myanmar Military

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို မြန်မာ-တရုတ်ပူးပေါင်းအဖွဲ့တွေ အခုရက်ပိုင်း ဝင်ရောက်စီးနင်းခဲ့ရာမှာ တရုတ်နိုင်ငံသားတွေအပါအဝင် ၈၃၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ တရုတ်နိုင်ငံသား ၃၅၂ ဦးပါဝင်ပြီး သူတို့ကို မူဆယ်မြို့ မန့်ဝိန်းဂိတ်ကနေ မတ်လ ၂၉ ရက်နေ့ကစပြီး သုံးရက်အတွင်း ပြန်လွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ဘယ်လိုဆက်ပြီး ဆောင်ရွက်မယ်ဆိုတာ ထုတ်ပြန်မထားပါဘူး။

တရုတ်နိုင်ငံဘက်က ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးထဲမှာ ခေါင်းဆောင်ပိုင်းနဲ့ တရားခံပြေး အယောက်ငါးဆယ်ကျော်ပါတယ်လို့ ဖော်ပြထားပါတယ်။

"တိုင်းရင်းသားအဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးက ပြည်တွင်းက ဗမာအင်အားစုတွေနဲ့ပေါင်းစပ်သွားတာကို သူတို့အကြောက်ဆုံး ဖြစ်သွားတာ။ အဲဒါကြောင့် တရုတ်ကို သူတို့မျက်နှာလုပ်နေတာ”

မတ်လ ၂၇ ရက်နေ့ညပိုင်းကစပြီး စွမ်စော်ရပ်ကွက်အပါအဝင် ရပ်ကွက်လေးခုက အွန်လိုင်းငွေလိမ်လုပ်ငန်း တွေကို နှစ်ဖက်ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒီအကြောင်းကိုသိတဲ့ မူဆယ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမတစ်ရက်မှာ တရုတ်က အစည်းအဝေးခေါ်တယ်၊ ဒုတိယတစ်ရက်မှာ ဝင်ဖမ်းတယ်။ သုံးရက်ဆက်တိုက် ဖမ်းတယ်။ တရုတ်ပြည်သားတွေကတော့ တရုတ်ကိုပြန်လွှဲလိုက်ပြီ။ တရုတ်က မလိုအပ်တဲ့သူတွေကျတော့ ကျန်ခဲ့တယ်။ တရုတ်က မလိုအပ်ဘူးဆိုတာ တရုတ်မှာ ပြစ်မှုပြစ်ဒဏ်မရှိတဲ့လူတွေ ရှိသေးတယ်။ ခိုးကြောင်ခိုးဝှက်တော့ လုပ်ကိုင်နေကြတာပဲ ”

ဝင်ရောက်ဖမ်းဆီးတဲ့နေရာတွေဟာ စစ်ကောင်စီလက်အောက်ခံ လုံထန်ပြည်သူ့စစ်နဲ့ တာမိုးညဲပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

စတင်ဖမ်းဆီးချိန်က လူဦးရေတစ်ထောင်ကျော်ရှိခဲ့ပေမယ့် အဲဒီထဲကမှ အဓိကကျတဲ့ လူရှစ်ရာကျော်ကိုပဲ ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကိုတော့ မူဆယ်ရဲစခန်းနဲ့ မင်္ဂလာမူဆယ်ဈေးအနီးက ကိုးထပ်တိုက်နေရာမှာ ခွဲထားပြီး ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူမယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

တရုတ်နိုင်ငံဘက်က မြေပုံနေရာအတိအကျနဲ့ လာဖမ်းတာဖြစ်ပြီး သတင်းကြိုရသူတွေ ထွက်ပြေးသွားတယ်လို့ နောက်ထပ်မူဆယ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေကတော့ ရှောင်တိမ်းပြေးပြီပေါ့။ အဲနေ့ညတွင်းချင်း ဗရုတ်ဗရက်တွေဖြစ်တယ်ဆိုတော့ အထုပ်တွေအပိုးတွေနဲ့ ပြေးကြလွှားကြတာတွေလည်းရှိတယ်။ ည ၁၀ နာရီ၊ ၁၁ နာရီလောက်မှာ ဆင်ဖြူနဲ့ မင်္ဂလာမူဆယ်ဘယ်မှာ ရုတ်ရုတ်သဲသဲဖြစ်တယ်ပေါ့။ လူတွေ အထုပ်တွေ အပိုးတွေနဲ့ အိတ်တွေနဲ့ ညဝတ် အင်္ကျီတွေနဲ့ သွားနေလာနေကြတာဆိုတော့ မြန်မာနိုင်ငံသားပါတဲ့ ဟာတွေကတော့ လွတ်ကြတာပေါ့ ”

မတ်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီရဲ့ ခလရ (၂၉၀) တပ်ရင်းမှူးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအပါအဝင် ၁၁ ဦးကို တရုတ်ဘက်က ဖမ်းဆီးခဲ့ပါတယ်။

မြန်မာဘက်က သွားရောက်ညှိနှိုင်းပြီး စစ်ကောင်စီအရာရှိနဲ့ ပြည်သူ့စစ်ခေါင်းဆောင်ကို ပြန်ခေါ်ခဲ့ပြီးနောက်ပိုင်း မူဆယ်မြို့မှာ အခုလိုဖမ်းဆီးမှုတွေ ဖြစ်လာတာလို့ မူဆယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စုစုပေါင်း ၁၁ ယောက် အဲဒီအထဲမှာ ရွှေမောင်ပါမယ် ပြည်သူ့စစ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ အဲမှာ သူတို့ သွားကြတော့ ပြည်မထဲကရဲတွေ စောင့်ဖမ်းတာပေါ့။ နှစ်ယောက်ကိုတော့ သူတို့ကယ်ထုတ်လာနိုင်တယ်။ ကိုးယောက်ကတော့ ကျန်ခဲ့တာပေါ့။ အဲဒီကိုးယောက်ရဲ့ နောက်ဆက်တွဲ ပတ်သက်ဆက်နွှယ်နေတဲ့ဟာတွေပဲ အခုဝင်ဆွဲနေတာ။ ကျန်တဲ့ဟာတွေတော့ အများကြီးကျန်သေးတာပေါ့ ”

မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်အလုပ်ရုံပေါင်း ခြောက်ဆယ်နီးပါးရှိပြီး အများစုဟာ ပြည်သူ့စစ်အဖွဲ့ အမည်ခံထားတဲ့ လောင်းကစားရုံတွေ၊ ဟိုတယ်တွေနဲ့ တွဲဖွင့်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သည့် အဆောက်အအုံနေရာအား ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့စဉ်။ (Photo: Telegram/စွမ်းအားရှင်)
တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သည့် အဆောက်အအုံနေရာအား ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့စဉ်။ (Photo: Telegram/စွမ်းအားရှင်)

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်ဟာ မြန်မာဘက်မှာရှိတဲ့ တရုတ်ရာဇဝတ်သားတွေကိုရဖို့ စစ်ကောင်စီကို ဖိအားပေးနေမှာပဲလို့ သုံးသပ်ပါတယ်။

“ကိုးကန့်ကိစ္စကတည်းက တရုတ်ကပြောနေတာကြာပြီလေ။ စစ်တပ်နဲ့ရော၊ အရာရှိတွေနဲ့ရော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနဲ့ရော ပေါင်းစားနေတာဖြစ်တာဗျ။ ပြည်တွင်းက တော်လှန်ရေးတွေဘာတွေ ဒီလောက်ဟိုဒင်း မပြုတုန်းက သူတို့ဂရုမစိုက်ပါဘူး။ တော်လှန်ရေးအရှိန် တက်လာတဲ့အခါကျမှ သူတို့ ဒီဘက်ကိုလှည့်လာတာပါ။ အရင်တုန်းက တရုတ်ပြောသမျှ နားထောင်တာမှ မဟုတ်တာ။ အကြောက်ဆုံးက တိုင်းရင်းသားအဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးက ပြည်တွင်းက ဗမာအင်အားစုတွေနဲ့ပေါင်းစပ်သွားတာကို သူတို့အကြောက်ဆုံး ဖြစ်သွားတာ။ အဲဒါကြောင့် တရုတ်ကို သူတို့မျက်နှာလုပ်နေတာ”

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မတ်လ ၂၄ ရက်နေ့ကလည်း ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ တရုတ်နိုင်ငံသား အယောက်ခြောက်ဆယ် ဖမ်းဆီးခံခဲ့ရသလို ဖေဖော်ဝါရီလမှာလည်း တာချီလိတ်မြို့အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်တဲ့ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ၅၄၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနကတော့ မြန်မာနိုင်ငံနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ မနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပြီး လိမ်လည်မှုနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၄၈,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။