ထိုင်းနယ်စပ် မြဝတီမြို့စောင့်တပ်ကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်
RFA Burmese
2024.04.10
2024.04.10

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့က မြို့စောင့်တပ်လို့ လူသိများတဲ့ ခလရ (၂၇၅) စစ်ကောင်စီတပ်ရင်းကို ဧပြီလ ၁၁ ရက် ဒီနေ့မနက် ၄ နာရီခွဲလောက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလ ၈ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့တာပါ။
လက်နက်ချဖို့ ညှိနှိုင်းတာကို လက်မခံလို့ ဝင်တိုက်ခိုက်ခဲ့တာလို့ အမည်မဖော်လိုတဲ့ မြေပြင်တိုက်ပွဲမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အစက လက်နက်ချဖို့ ညှိပေမယ့် ညှိလို့မရတော့ ဝင်တိုက်ခဲ့တာ။ ဝင်တိုက်တဲ့အချိန် သူတို့ဘက်က ပြန်ခုခံတာတွေနဲ့ စစ်ဆင်ရေးက တစ်ရက်ကျော်လောက် ကြာသွားတယ်။ မနေ့က ညပိုင်းမှာတော့ တပ်ရင်းကို ကျွန်တော်တို့ အပြီးသတ် သိမ်းပိုက်နိုင်တယ်ပေါ့နော်။ ကျွန်တော်ဘက်က အခုတပ်ရင်းထဲမှာ နယ်မြေရှင်းလင်းရေးတွေ ဝင်လုပ်နေတယ်”
အဲဒီတပ်ရင်းထဲက စစ်ကောင်စီ တပ်သားတွေကတော့ မြန်မာ - ထိုင်းနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားဘက်ကို ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။ တပ်ရင်းအတွင်းမှာ လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရမိသလို သေဆုံးနေတဲ့ စစ်ကောင်စီ တပ်သားအလောင်း အများအပြားကိုလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဒီမနက် ဆယ်နာရီလောက်မှာတော့ စစ်ကောင်စီဘက်က ခလရ (၂၇၅) တပ်စခန်းအနီးကို ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့ပြီးနောက် မြို့အတွင်းပိုင်းမှာ အခြေအနေတွေ ငြိမ်သက်သွားတယ်လို့ မြဝတီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနက်ကတော့ လေကြောင်းနဲ့ဗုံးကြဲသွားတာ နှစ်ကြိမ်လောက်ရှိတယ်။ အဝေးကပဲ မြင်ရတာလေ ကျွန်တော်တို့ ၂၇၅ နဲ့နီးစပ်တဲ့ နေရာတစ်ခုကို လို့ထင်တာပဲ။ ကျွန်တော်တို့ အဲဒီဘက်ကို သွားလို့မရဘူး လမ်းတွေ ပိတ်ထားလိုက်ပြီလေ။ လက်ရှိ မြို့ထဲမှာတော့ အသွားအလာတော့ နည်းတယ်ဗျ။ သွားတော့ သွားနေကြသေးတယ်။ ရုံးတွေ ရဲစခန်းတွေလည်း ပုံမှန်အတိုင်းပဲ ရှိနေသေးတယ်”
မြန်မာ-ထိုင်းနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးမှာတော့ ခလရ (၂၇၅) က စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင် တစ်ရာနီးပါးရောက်ရှိနေတာတွေ့ရပြီး နေ့လယ်ပိုင်းမှာတော့ အဲဒီတံတားကို ထိုင်းနိုင်ငံဘက်က ပိတ်လိုက်တယ်လို့ အဲဒီတံတားအနီးမှာနေထိုင်တဲ့ နောက်ထပ် မြဝတီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုဟာက တံတားအမှတ် (၂) တော့ ပိတ်လိုက်တယ်။ သူတို့က အခုဟိုထဲမှာပဲ တံတားထဲမှာ ဟိုဘက်က လက်မခံသေးဘူး လတ်တလော။ မြို့ထဲမှာ ပုံမှန်ပဲ တံတားအမှတ် (၁) မှာလည်း ပုံမှန်လိုပဲ”
ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ဒီနေ့ နေ့လယ် ထုတ်ပြန်ချက်တစ်ခုမှာတော့ အမှတ် (၂) တံတားကို ဆုတ်ခွာလာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံဘက်ကို သွားရောက်ခိုလှုံဖို့ စီစဥ်နေပေမယ့် နေ့လယ်ပိုင်းအထိ မသွားရောက်နိုင်ဘဲ ပိတ်မိနေတယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဘက်မှာတော့ အဲဒီနေရာကို တာ့ခ်ခရိုင်မှူးကိုယ်တိုင် ကွင်းဆင်းကြည့်ရှုခဲ့တာတွေ့ရတယ်လို့ ထိုင်းနိုင်ငံဘက်အခြမ်းမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ တပ်မ ၄၄ တပ်မမှူးပါဝင်ပြီး သူတို့ကို ထိုင်းနိုင်ငံထဲ ဆုတ်ခွာခွင့်ရနိုင်ဖို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ညှိနှိုင်းပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး စောချစ်သူကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ လတ်တလော မဖြေကြားနိုင်သေးဘူလို့ တုံ့ပြန်ပါတယ်။
နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှိနေတဲ့ အမှတ် (၂) တံတားအနီးကို တော်လှန်ရေးအင်အားစုတွေက ချဥ်းကပ်လာတာကြောင့် စစ်ရေးအခြေအနေက ပြန်တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့တိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာတော့ မြဝတီမြို့က ခလရ(၂၇၅) တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ခေတ္တဆုတ်ခွာပေးခဲ့ရတာမှန်ပေမယ့် မြို့ကိုတော့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်တုန်းပဲလို့ ဖော်ပြကြပါတယ်။
မြဝတီမြို့က တိုက်ပွဲတွေကြောင့် မြို့ခံ တစ်ထောင်ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လဆန်းပိုင်းကစတင်ခဲ့တဲ့ မြဝတီမြို့အနီး သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇) နဲ့ သင်္ဃန်းညီနောင် ဗျူဟာကုန်းကို (KNLA) နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
နှစ်ပေါင်း ခြောက်ဆယ်ကျော် သက်တမ်းရှိခဲ့တဲ့ သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်းကိုတော့ ဧပြီလ ၅ ရက် နေ့လယ်ပိုင်းမှာ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အရာရှိအဆင့် (၆၇) ဦး၊ အခြားနဲ့တပ်သားအဆင့် (၄၁၀) ဦး နဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း (၆၁၇) ဦး လက်နက်ချခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
နောက်ဆုံးကျန်နေတဲ့ ခလရ (၂၇၅) တပ်ရင်းကိုလည်း ဒီနေ့မှာ သိမ်းနိုင်ပြီဖြစ်တာကြောင့် မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်အားလုံးကို သိမ်းပိုက်နိုင်ပြီလို့လည်း KNU ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကတော့ မြန်မာဘက်မှာ တိုက်ပွဲပြင်းထန်နေချိန် ထိုင်းလေပိုင်နက်ထဲ မြန်မာလေယာဥ်တွေ ဝင်မလာနိုင်အောင် တင်းတင်းကျပ်ကျပ်တားမြစ်ဖို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ Benar သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာနိုင်ငံက ပြဿနာဟာ ပြည်တွင်းရေးဖြစ်တာကြောင့် ပြင်ပနိုင်ငံတွေအပေါ် မသက်ရောက်စေရဆိုတဲ့ သတင်းစကားကို ပြတ်ပြတ်သားသားပေးဖို့ ထိုင်းစစ်တပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွန်ကြားထားပြီးဖြစ်ကြောင်း၊ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်ဆိုရင် ထိုင်းလေပိုင်နက်ကို အသုံးပြုတာမျိုး လုံးဝလက်မခံနိုင်ဘူးဆိုတာ ကာကွယ်ရေးဦးစီးချုပ်ကို ပြောရမှာဖြစ်ကြောင်း၊ တင်းမာမှုတွေ ကြီးထွားလာတာကိုမလိုလားဘဲ မိမိတို့ရဲ့ အိမ်နီးချင်းဖြစ်နေတဲ့အတွက် အရာရာတိုင်းကို ဂရုစိုက်ရမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုတယ်လို့ ဧပြီလ ၁၁ ရက် Benar သတင်းမှာ ဖော်ပြထားပါတယ်။