ရခိုင်ပြည်နယ်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းမရလို့ ပြည်သူတွေ အခက်အခဲဖြစ်
2025.02.12

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရော၊ စစ်ကောင်စီလက်အောက်မှာပဲရှိသေးတဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေမှာပါ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ရက်ပေါင်းတစ်ရာ နီးပါးရှိလာပါပြီ။ ဒီအခက်အခဲကို လူဦးရေသုံးသန်းကျော်ရှိတဲ့ ရခိုင်တစ်ပြည်လုံး ခံစားနေကြရတာပါ။
ဒီလိုဆက်သွယ်ရေးပိတ်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကလုပ်ရပ်လို ဖြစ်နေပြီလို့ Border News Agency ကိုကောင်းမြတ်နိုင်က RFA ကို ပြောပါတယ်။
"စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေမှာဆိုရင် စစ်ကောင်စီတပ်က ပိတ်ထားတယ်။ ULA/ AA ထိန်းချုပ်တဲ့ နေရာတွေမှာဆိုရင် ULA/AA ဘက်က လုပ်ထားတာပေါ့လေ။ NLD အစိုးရ လက်ထက်ကလည်း ပိတ်ခဲ့တယ်။ အဲဒီလိုမျိုးပိတ်ခဲ့တဲ့အချိန်မှာကျရင် ပိတ်ခဲ့တဲ့သူတွေကို အပြစ်ပြောပြီးတော့ ကိုယ်တိုင်စီမံခန့်ခွဲရတဲ့အချိန်မှာ ကိုယ်ကပြန်ပြီးတော့ ပိတ်ထားတယ်ဆိုရင် ကိုယ်လည်းအဲဒီအတိုင်းပဲ ကျင့်ကြံနေတာလို့ပြောလို့ရတာပေါ့"
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ မရတဲ့အတွက် ပြည်သူတွေ သတင်းသိပိုင်ခွင့်တွေသာမက၊ စားဝတ် နေရေးနဲ့ အလုပ်အကိုင်တွေ အခက်အခဲရှိတယ်လို့ သူကပြောပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်အပါအဝင် မြို့နယ် ၁၅ မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကစလို့ AA က ပိတ်ပင်လိုက်တာပါ။
စစ်ကောင်စီဘက်ကို သတင်းပေးတဲ့သူတွေရှိတဲ့အတွက် လေကြောင်းအန္တရာယ်ကာကွယ်ဖို့ပိတ်ထားတာလို့ AA နဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။ ဒါကြောင့် AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
ဆက်နွှယ်သောသတင်းများ
၂၀၂၄ ခုနှစ်အတွင်း မြို့နယ် ရှစ်ဆယ်ကျော် အင်တာနက် ဖြတ်တောက်ခံရ
မြန်မာနိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ခံရမှု ပိုဆိုးလာ
ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ဒေသတွေ ဆက်သွယ်မှုရဖို့ နည်းလမ်းမျိုးစုံ သုံးနေရ
အလားတူ စစ်ကောင်စီလက်အောက်မှာပဲရှိသေးတဲ့ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေလည်း ပိတ်ပင်ထားပြီး စစ်တွေမြို့ထဲက တချို့နေရာတွေမှာပဲ တယ်လီဖုန်းလိုင်းရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ထဲမှာတောင် မိသားစုတွေအချင်းချင်း ဆက်သွယ်ဖို့ခက်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့က တစ်ယောက်သေလို့ တစ်ယောက်မသိရတဲ့ အခြေအနေထိတောင်ဖြစ်သွားပြီပေါ့။ မိသားစုနဲ့ အဆက်အသွယ်မရဘူး။ ကိုယ်နေတာက တခြားတစ်မြို့မှာ။ မိသားစုက တခြားတစ်မြို့မှာ။ သွားရေးလာရေးကလည်း အဆင်မပြေဘူး။ ခရီးစရိတ်တွေကလည်း တော်တော်လေးကို ကြီးနေတော့လေ။ မိသားစုတွေက အဲဒီမှာဘာဖြစ်နေလဲ၊ ဒီမှာရှိတဲ့သူက ဘာဖြစ်နေလဲ မသိရဘူး။ နောက်ပြီး စစ်ကောင်စီတပ်က ဗုံးလာကြဲတာတွေရှိတာပေါ့။ ဗုံးကြဲတဲ့မြို့မှာ ကိုယ့်မိသားစုဝင် တစ်ယောက်ယောက် ရှိနေတယ်ဆိုရင် စိုးရိမ်မှုက ပိုများတာပေါ့"
စတားလင့်အင်တာနက်ကို အာရက္ခတပ်တော် (AA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ သူတို့ရဲ့ မဟာမိတ်အဖွဲ့အစည်းတွေ၊ သူတို့နဲ့ရင်းနှီးသူတွေပဲ အသုံးပြုခွင့်ရကြတယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒေသခံတွေကတော့ ပြည်တွင်း၊ ပြည်ပရပ်ဝေးမှာ အလုပ်လုပ်နေတဲ့ မိသားစုဝင်တွေနဲ့ဆက်သွယ်ဖို့ အတွက် ဖုန်းလိုင်းမိတဲ့ မိုင်နဲ့ချီပြီး ဝေးတဲ့နေရာတွေကို သွားနေရတယ်လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်ဟာ နဂိုကတည်းက ဆင်းရဲကြတာကြောင့် ပြည်ပကိုထွက်ပြီးအလုပ်လုပ်ကိုင်သူတွေ ပိုများတဲ့ဒေသ ဖြစ်ပါတယ်။ အခုလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရတဲ့အတွက် မိသားစုကိုငွေလွှဲဖို့လည်း ခက်ခဲတယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာမှာ ကျန်ခဲ့တဲ့ ကိုယ့်သားသမီးနဲ့လည်း ဆက်သွယ်လို့မရဘူး။ မရတဲ့အတွက် ပူလောင်ရတာပေါ့။ မိဘတစ်ယောက်အနေနဲ့ ခံစားရတာပေါ့။ ကိုယ့်မှာလည်း မိဘရှိတယ်။ ညီအစ်ကိုမောင်နှမရှိတယ်။ သူတို့တွေ အဆင်ပြေရဲ့လား၊ စားဝတ်နေရေး အခက်အခဲရှိနေလား။ အဆက်အသွယ်မရတဲ့အခါ ပူလောင်ရတယ်။ အခုဆိုရင် မပြောရတာ အတော်ကြာပြီး နှစ်လကျော်လောက်ရှိပြီ"
ဖုန်းလိုင်း၊ အင်တာနက်လိုင်း အပိတ်ခံထားရတာကြောင့် ရခိုင်ပြည်နယ်ထဲက သတင်းထောက်တွေလည်း သတင်းလိုက်ဖို့၊ မိခင်တိုက်ကို ပြန်သတင်းပို့ဖို့ ခက်ခဲနေကြပါတယ်။
"အဆက်အသွယ်မရတဲ့အခါ ပူလောင်ရတယ်။ အခုဆိုရင် မပြောရတာ အတော်ကြာပြီး နှစ်လကျော်လောက်ရှိပြီ"
အာရက္ခတပ်တော် (AA) က သတင်းထောက်တွေအတွက် တစ်ရက်ကို ငါးနာရီလောက် အင်တာနက် သုံးခွင့်ပေးထားတယ်လို့ ရခိုင်သတင်းထောက်တစ်ဦးက RFA ကိုပြောပါတယ်။
"အခုစတားလင့်သုံးနေရတာပေါ့နော်။ ဘယ်လိုသုံးနေရလဲဆိုရင် အချိန်အကန့်အသတ်နဲ့ သုံးနေရတာပေါ့။ တစ်ရက်မှာ မနက် ၁ဝ နာရီကနေ မွန်းလွဲ ၁၂ နာရီ။ ပြီးရင် နေ့လယ် ၁ နာရီကနေ ပြီးတော့ ညနေ ၄ နာရီအထိပေါ့နော်။ ဆိုတော့ တစ်ရက်မှာ လေးနာရီကျော်လောက် သုံးခွင့်ရတာပေါ့နော်။ အဲဒီအချိန်အတွင်းမှာ သတင်းတွေရေးရတာ အချိန်မလုံလောက်တာတွေ ဖြစ်တာပေါ့နော်"
ရခိုင်ပြည်နယ်ထဲမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်တာမရှိသေးပါဘူး။
ဒေသခံတွေကတော့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အမြန်ဆုံးပြန်ဖွင့်ပေးမဲ့အချိန်ကို မျှော်လင့်နေကြပါတယ်။