ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ မရေရာသေး
2025.01.03

အာရက္ခတပ်တော် AA က ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တဲ့ နောက်ပိုင်းမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေကို ဇန်နဝါရီ ၁ ရက်နေ့ကစလို့ နေရပ်ပြန်ခွင့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကတော့ သူတို့အိမ်ပြန်ရဖို့ မသေချာသေးဘူးလို့ RFA ကို ပြောကြပါတယ်။
“စစ်ပွဲကာလဖြစ်တဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပေါ့။ AA က ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဆိုရင်လည်းပဲ အစိုးရတစ်ရပ်၊ တရားဝင်အစိုးရတစ်ရပ် မဟုတ်တဲ့အတွက်ကြောင့် AA က ကျွန်တော်တို့ ပြန်နိုင်ရေးကိစ္စ repatriation လုပ်ဖို့ကိစ္စ တော်တော်လေး ဝေးတယ်ပေါ့”
ကူတူပါလောင်စခန်းက မိုဟာမက် ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည် ပြောသွားတာပါ။
ဒုက္ခသည်တွေ နေရပ်ပြန်ခွင့်ရရင်တောင် စစ်ကောင်စီရဲ့လေကြောင်းရန် ကြောက်ရသေးတယ်လို့ ဥရောပ အခြေစိုက် ရိုဟင်ဂျာအရေးဆောင်ရွက်သူ ကိုနေဆန်းလွင်က ပြောပါတယ်။
“လက်ရှိ ရိုဟင်ဂျာတွေ ပြန်ရမဲ့ နယ်မြေကို AA ထိန်းချုပ်ထားတဲ့အတွက်ကြောင့် နေရပ်ပြန်ရေးကိစ္စက AA နဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ AA က ခိုင်မာတဲ့ အာမခံချက် ပေးမယ်ဆိုရင်တောင် စစ်ကောင်စီဘက်က ဒီလူတွေပြန်ရောက်တဲ့အချိန်မှာ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေလုပ်ရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရမှာပါ။ နေရပ်ပြန်ရေးမှာ ပြန်မဲ့သူတွေလုံခြုံရေးက အဓိကကျပါတယ်”
၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစီမံချက်ကြောင့်ရော၊ ၁၉၉၀ ဝန်းကျင် စစ်အစိုးရရဲ့ စစ်ဆင်ရေးကြောင့်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တစ်သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေက ပြောထားပါတယ်။
“လက်ရှိ ရိုဟင်ဂျာတွေ ပြန်ရမဲ့ နယ်မြေကို AA ထိန်းချုပ်ထားတဲ့အတွက်ကြောင့် နေရပ်ပြန်ရေးကိစ္စက AA နဲ့ တိုက်ရိုက်ပတ်သက်နေတယ်"
သူတို့ကိုပြန်လက်ခံဖို့ စစ်တပ်အာဏာမသိမ်းခင်အထိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဆောင်ရွက်ခဲ့ပေမဲ့ အကောင်အထည်ပေါ်မလာခဲ့သေးပါဘူး။
ဒီကြားထဲမှာ ဒုက္ခသည်တွေက သူတို့ကို ရိုဟင်ဂျာအဖြစ်ရော နိုင်ငံသားအဖြစ်ပါ အသိအမှတ်ပြုပြီး ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်ခွင့်ရဖို့ တောင်းဆိုထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတစ်ခါ ကော့ဘဇားဒုက္ခသည်စခန်းတွေက လူတစ်သိန်းကျော်က ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဆောင်ရွက်ပေးဖို့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်တွေကိုတော့ အပြည့်အဝလိုချင်တယ်လို့ ဒုက္ခသည် မိုဟာမက်ကပြောပါတယ်။
“Camp ထဲမှာရှိနေတဲ့ လူတွေက နေရပ်ပြန်တဲ့အခါ ကိုယ့်ရဲ့ မူလနေရပ်ကိုပဲ ပြန်ချင်တယ်။ နောက် တစ်ခုက လွတ်လွတ်လပ်လပ် သွားလာခွင့်တို့၊ ပညာသင်ကြားခွင့်တို့၊ လူမျိုးတစ်မျိုးအနေနဲ့ အခြေခံ အခွင့်အရေးတွေ အကုန်လုံးရဖို့အတွက် မြန်မာနိုင်ငံကိုယ်စားလှယ်တွေကိုရော၊ နိုင်ငံတကာ ကိုယ်စားလှယ်တွေကိုရော တောင်းဆိုထားတာတွေရှိတယ်။ အဲဒီတောင်းဆိုချက်တွေက ကျွန်တော်တို့ ဘယ်လိုမှ ပြောင်းလို့မရဘူး”
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်ရေးရာကိစ္စတွေအတွက် AA နဲ့ ထိတွေ့ဆက်ဆံမှာမဟုတ်တဲ့အတွက်ကြောင့် နည်းလမ်းရှာဖို့ စစ်ကောင်စီဘက်ကို ပြောထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ မိုဟာမက် ရာဖီးလ် အာလမ် က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးကျွမ်းကျင်သူတွေ၊ သံတမန်ဟောင်းတွေနဲ့ ပညာရှင်တွေကတော့ AA နဲ့ သံတမန်ရေးအရ တိုက်ရိုက်ဆက်ဆံဖို့လိုအပ်ပြီလို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။
ဆက်နွှယ်သောသတင်းများ
တန်းတူညီမျှမှုအတွက် AA ကို ရိုဟင်ဂျာအဖွဲ့တွေ တောင်းဆို
နေရပ်ပြန်ရေး သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြ
ခက်ခဲကျပ်တည်းမှုတွေနဲ့ ကြုံနေရတဲ့ ဘူးသီးတောင်က စစ်ဒဏ်သင့် ရိုဟင်ဂျာများ
ဒီလိုတိုက်တွန်းကြပေမဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ AA ရဲ့ ဆက်ဆံရေးဆိုတာ မသေချာသေးဘူးလို့ ကိုနေဆန်းလွင် က ယူဆပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်ကို အုပ်ချုပ်လာမဲ့အဖွဲ့အပေါ် မူတည်နေတယ်လို့ အမည်မဖော်လိုတဲ့ ခရိုင်ဥပဒေအရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
“လူတစ်ယောက်အနေနဲ့ နေဖို့အတွက် အခွင့်အရေးရှိရပါမယ်။ စစ်ဖြစ်တဲ့အခါ ဥပဒေက သေသွားပါတယ်။ အာဏာရှိတဲ့လူ၊ အုပ်ချုပ်တဲ့သူ အနိုင်ရရင်တော့ သူ့ဥပဒေအတိုင်း သူပြန်ဆက်လုပ်မှာပေါ့။ သူ့ဟာသူ ပြင်ချင်လည်း ပြင်လိမ့်မယ်။ တွန်းလှန်တဲ့သူ နိုင်သွားတဲ့အခါမှာတော့ ဒီဥပဒေကို သုံးချင်မှသုံး မယ်။ မသုံးဘဲ ပြန်ပြင်ချင်လည်း ပြင်ဖို့ ဒါမှမဟုတ် အသစ်ပြချင်လည်း ပြမယ်ပေါ့။ အခုတော့ ဥပဒေမရှိသေး၊ လက်ခံဖို့ ဥပဒေမရှိသေးတဲ့အတွက် နှစ်ဖက်ခေါင်းဆောင်တွေက contract (သဘောတူညီချက်) လုပ်ရပါဦးမယ်။ contract မရှိဘဲနဲ့ မရသေးဘူး”
ရိုဟင်ဂျာအပါအဝင် လူမှုအဖွဲ့အစည်းအားလုံးရဲ့ လုံခြုံမှုနဲ့ လူ့အခွင့်အရေးကို အာမခံချက်ပေးရေး၊ ယာယီ အတိုင်ပင်ခံကော်မတီတစ်ရပ် တည်ထောင်ရေး၊ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုရေး၊ AA တပ်ဖွဲ့ဝင်တွေ လိုက်နာရမဲ့ ကျင့်ထုံးပြဋ္ဌာန်းရေး စတဲ့ အချက် ၉ ချက်ပါ တဲ့ ကြေညာချက်ကို နိုင်ငံတကာရောက် ရိုဟင်ဂျာ (၂၈) ဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ပြီး AA ကို တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ လတ်တလောမှာ ဒီကိစ္စအတွက် ဖြေကြားဖို့မရှိသေးဘူးလို့ အကြောင်းပြန်ပါတယ်။
တစ်ဖက်မှာလည်း မောင်တောမြို့နယ်ထဲမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်တာရှိနေတယ်လို့ AA က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။