ဆုန်ကရန်သင်္ကြန်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်း ကြိုးပမ်းနေ
2024.11.02
မြန်မာနိုင်ငံမှာ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ကိုဗစ်ကပ်ရောဂါနဲ့ စစ်ပွဲတွေကြောင့် မကျင်းပနိုင်ချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဆုန်ကရန်သင်္ကြန်ရေကစားပွဲတော်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်း ကြိုးပမ်းနေတယ်လို့ The Nation သတင်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဖော်ပြပါတယ်။
သင်္ကြန်ရေကစားပွဲတော်ကို ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအနေနဲ့ ပြသလိုတာအပြင် တခြားနိုင်ငံ တွေမှာ “ရေကစားပွဲတော်” ကျင်းပ အသုံးပြုတာကနေ ကာကွယ်လိုတဲ့အတွက်ဖြစ်တယ်လို့ The National Soft Power Strategy Committee လို့ခေါ်တဲ့ ထိုင်းရိုးရာယဥ်ကျေးမှုကို ကမ္ဘာသိအောင်မြှင့်တင်ရေးဗျူဟာ ကော်မတီ ဝင်တစ်ဦးဖြစ်တဲ့ Chadatip Chutrakul က ပြောကြားသွားပါတယ်။
“Culture event ဆိုတဲ့ ဥစ္စာက တစ်ဦးတည်းပိုင် မူပိုင်လုပ်လို့မှမရတာ"
ဆုန်ကရန်သင်္ကြန်ပွဲတော်ကို မူပိုင်ခွင့်သတ်မှတ်လိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံရဲ့ တစ်မူထူးခြားတဲ့ ယဥ်ကျေးမှုနဲ့ ရိုးရာဓလေ့ကို ကာကွယ်နိုင်မဲ့အပြင် ဒီပွဲတော်ရဲ့ လူကြိုက်များမှုကိုလိုက်ပြီး ဒေသတွင်းမှာသာမက တစ်ကမ္ဘာ လုံးဆီကနေ ငွေကြေးအကျိုးအမြတ်တွေရနိုင်တယ်လို့ ပြောကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရောက်ရှိနေတဲ့ မသီရိကတော့ ထိုင်းနိုင်ငံမှာလိုပဲ မြန်မာ့ရိုးရာသင်္ကြန်ကို လုံခြုံစိတ်ချစွာ ဆင်နွှဲပျော်ရွှင်နိုင်မဲ့နေ့ကို အမြန်ရောက်ချင်မိတယ်လို့ RFA ကို ပြောပါတယ်။
“တိုင်းတစ်ပါးကိုရောက်နေတဲ့အချိန်မှာပေါ့နော် ဒီလိုမျိုး တိုင်းတစ်ပါးရဲ့ ကြိုးပမ်းမှုတွေကို ကြားသိရတဲ့အချိန်မှာ မြန်မာနိုင်ငံကြီးကို အမှန်တရားတွေ တရားမျှတမှုတွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်ပြီးတော့ မြန်မာ့ရိုးရာ ပွဲတော်တွေကိုလည်း အပူအပင်ကင်းကင်းနဲ့ လုံခြုံစိတ်ချမှုအပြည့်နဲ့ ပျော်ရွှင်စေချင်မိပါတယ်”
ဆက်နွှယ်သောသတင်းများ
အခြောက်သွေ့ဆုံး မြန်မာသင်္ကြန်
အာဏာသိမ်းပြီးနောက် ပျော်ရွှင်စရာကင်းမဲ့သွားတဲ့ သင်္ကြန်
မန္တလေးမှာ ဆောက်လက်စ သင်္ကြန်မဏ္ဍပ်တစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ
ဆုန်ကရန်သင်္ကြန်ပွဲတော်ကို မူပိုင်ခွင့်သတ်မှတ်ဖို့ ကြိုးပမ်းတာဟာ စျေးကွက်ဖော်ဆောင်မှုတစ်မျိုးဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
“ထိုင်းရဲ့ အဓိကစီးပွားရေးက Tourism နဲ့လုပ်တယ်။ လုပ်တဲ့အတွက်ကြောင့်မို့ Tourism အရ သဘောအရပေါ့နော်။ ကျွန်တော်တို့ ဒီလိုမျိုး မူပိုင်ခွင့်တွေ လုပ်ထားတယ်။ ပြဋ္ဌာန်းထားတယ်ဆိုရင် ဒါဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဈေးကွက်ဖော်ဆောင်တဲ့အချိန်မျိုးမှာ သူတို့ရဲ့ မူပိုင်ခွင့်ဆိုတဲ့ဟာမျိုးနဲ့ ရောင်းကုန်တစ်ခုဖြစ်လာဖို့ ကြိုးစားတဲ့သဘောရှိတယ်။ လူငယ်တွေ စိတ်ဝင်စားနိုင်တဲ့ အထူးသဖြင့် နိုင်ငံတကာက စိတ်ဝင်စားနိုင်တဲ့ အခြေအနေမျိုး ဖြစ်အောင် သူတို့ ဖန်တီးလေ့ရှိတယ်။ အဲဒီပုံစံမျိုးနဲ့ လုပ်တယ်လို့ နားလည်ပါတယ်ခင်ဗျ”
ရိုးရာယဥ်ကျေးမှုတွေကို ထိန်းသိမ်းမြှင့်တင်မှုက အရေးပါပြီး ထိုင်းဟာ ကမ္ဘာ့ထိပ်တန်းပွဲတော်တွေကို ဦးဆောင် ကျင်းပရာ နေရာတစ်ခုအဖြစ် သတ်မှတ်ခံရဖို့ အရေးကြီးတယ်လို့ မစ္စ Chadatip Chutrakul က ပြောပါတယ်။
တကယ်တော့ ရေကစားပွဲတော်ကို ထိုင်းနိုင်ငံတင်မက တခြားအရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယားတို့မှာလည်း ကျင်းပပါတယ်။
တကယ်လို့ ဆုန်ကရန်ရေကစားပွဲတော်ကို ထိုင်းက မူပိုင်ခွင့်ရသွားခဲ့ရင် တခြားနိုင်ငံတွေမှာ ရေကစားပွဲတော် ကျင်းပမှုကို ဘယ်လိုသက်ရောက်စေမလဲလို့ တွေးနေသူတွေအတွက် စိုးရိမ်စရာမရှိပါဘူးလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။
“ကျွန်တော်ကတော့ မထင်ပါဘူး။ Culture event ဆိုတဲ့ ဥစ္စာက တစ်ဦးတည်းပိုင် မူပိုင်လုပ်လို့မှမရတာ။ အခုဟာ Culture ဆိုတဲ့ဟာက အကုန်လုံးက Share ဖြစ်နေတာပဲလေ။ ဥပမာ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ရိုးရာဓလေ့ထုံးစံဟာတွေကို မူပိုင်ခွင့်လုပ်ထားတဲ့အတွက်ကြောင့်မို့ အမေရိကား၊ ရှရှားမှာ ဘုရားမတည်ရဘူး။ ဘုန်းကြီးမဝတ်ရဘူးဆိုတဲ့ဟာမျိုး လုပ်လို့မှမရတာ”
ထိုင်းနိုင်ငံရဲ့ ဆုန်ကရန် ရေကစားပွဲတော်ကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အတည်ပြုကြေညာထားပါတယ်။ ယူနက်စကိုရဲ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ် မှတ်ခံရတဲ့အတွက် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်ကစလို့ ၁၇ ရက်အထိ ထိုင်းနိုင်ငံတစ်ဝန်းမှာ အထိမ်းအမှတ်ပွဲတွေ စည်ကားစွာကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းမှာ နှစ်စဥ် စည်စည်ကားကားကျင်းပကြပါတယ်။ ဒါပေမဲ့ ၂၀၂ဝ ခုနှစ်ကစပြီး ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့ရိုးရာ ရေကစားပွဲတော်ဟာ ခြောက်သွေ့ နေတာ ငါး နှစ်တိုင်ခဲ့ပါပြီ။