မန္တလေးမှာ ဆောက်လက်စ သင်္ကြန်မဏ္ဍပ်တစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ
2024.04.10
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ၁၀၅ နဲ့ ၁၀၆ လမ်းအကြားက မင်္ဂလာမန္တလေးသင်္ကြန်မဏ္ဍပ်ဟာ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မန္တလးမြို့ခံတွေက ပြောပါတယ်။
ဆောက်လက်စ သင်္ကြန်မဏ္ဍပ်ဖြစ်တာကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပေမယ့် မဏ္ဍပ်အနီးက အဆောက်အအုံတစ်ခု မှန်တွေအပါအဝင် ထိခိုက်ပျက်စီးခဲ့တယ်လို့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီမှာဖြစ်သွားတာဟုတ်တယ်။ အထိအခိုက်တော့ အရမ်းမများပါဘူး။ ဒါပေမဲ့ အခုလို သင်္ကြန်မဏ္ဍပ် ဗုံးပစ်တာတွေ ဘာတွေဖြစ်လာတော့ ပြည်သူလူထုကတော့ ထိတ်လန့်တာပေါ့။ ပြီးတော့ ရှော့တိုက်ဒုံးနဲ့ ပစ်တာတွေ ဘာတွေလည်းရှိနေတာ့ ဒီနှစ်သင်္ကြန်လည်ဖို့တော့ စိုးရိမ်တယ်”
အဲဒီတိုက်ခိုက်မှုကို မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ အောင်စည်တော် AST-MDY နဲ့ Special Task Force Mandalay (STF-MDY) တို့က လုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်ရတာလို့ ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ထားပါတယ်။
သင်္ကြန်ရေကစားမဏ္ဍပ်တွေအပါအဝင် စစ်ကောင်စီနဲ့ ဆက်စပ်မှုရှိတဲ့ နေရာတိုင်းကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွာရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီကတော့ မန္တလေးမြို့ ကျုံးပတ်လည်မှာ မဏ္ဍပ်တွေတည်ဆောက်နေပြီး ကျုံးတောင်ဘက်မှလည်း လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပဖို့စီစဉ်နေသလို သင်္ကြန်ပွဲတော်ကိုစည်ကားဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၅ ရက်နေ့ကလည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်မှာရှိတဲ့ မဟာအောင်မြေခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်တာကြောင့် နှစ်ဦး သေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။