ဒုက္ခသည်စခန်းတွေမှာ ဆေးကုနိုင်ဖို့ ထိုင်းဒေသခံအာဏာပိုင် ကူညီမည်
2025.02.07
အမေရိကန်နိုင်ငံရဲ့ အကူအညီတွေ ယာယီရပ်ဆိုင်းလိုက်လို့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ထိခိုက်သွားတဲ့ ဒုက္ခသည်စခန်းတွေမှာ ထိုင်းနိုင်ငံရဲ့ အကူအညီနဲ့ ဆက်ပြီးဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကိစ္စအတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဒုက္ခသည်စခန်းတွေက တာဝန်ရှိသူတွေ၊ ထိုင်းအာဏာပိုင်တွေ၊ ဆေးရုံတာဝန်ရှိသူတွေ အစည်းအဝေး ကျင်းပခဲ့ပါတယ်။
"လောလောလတ်လတ် ကုသမှုပိုင်းဆိုင်ရာမှာ အရင်တုန်းက လည်ပတ်တဲ့ ပုံစံမျိုးလောက်တော့ရှိတယ်"
ဆွေးနွေးမှုရဲ့ ရလဒ်အနေနဲ့ ဒုက္ခသည်တွေကိစ္စ အမြဲတမ်းဆောင်ရွက်နေတဲ့ International Rescue Committee (IRC) က ထောက်ပံ့ထားတဲ့ ဒုက္ခသည်စခန်းတွေက ဆေးရုံဆေးခန်းတွေနဲ့ ပစ္စည်းတွေကို ဆက်ပြီးအသုံးပြုခွင့်ရမယ်လို့ ကရင်ဒုက္ခသည် ကော်မတီ (KRC) ရဲ့ အတွင်းရေးမှူး စောပွယ်စေးက RFA ကို ပြောတယ်။
“နောက်ဆုံးအစီအစဉ်မှာ ထိုင်းတာဝန်ရှိ ပုဂ္ဂိုလ်တွေပေါ့ အုပ်ချုပ်ရေးဘက်က။ စခန်းရဲ့ camp commander တွေနဲ့ ဆေးဘက်ဆိုင်ရာ၊ ဆေးရုံဘက်က ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးလိုက်တဲ့အခါမှာ စိတ်သက်သောင့်သက်သာ ရလာတယ်။ သူတို့ ပြောသွားတာက IRC ကနေပြီး သူတို့ ဆေးရုံကို သုံးခွင့်ပြုလိုက်ပြီ။ နောက်ဆေးရုံမှာရှိတဲ့ လူမမာကို ကြည့်ရှုစောင့်ရှောက်ရတဲ့ လိုအပ်တဲ့ Equipment တွေကို ပေးသုံးလိုက်ပြီ”
တနင်္လာကနေ သောကြာနေ့အထိ နေ့လယ်ပိုင်းတွေကို ထိုင်းကျန်းမာရေးဝန်ထမ်းတွေ ကြည့်ပေးမှာဖြစ်ပြီး ညပိုင်းနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဒုက္ခသည်စခန်းထဲက ကျွမ်းကျင်သူတွေနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ IRC က ကျန်းမာရေးဝန်ထမ်းတွေကလည်း အခမဲ့ လုပ်ဆောင်ပေးနိုင်တယ်လို့ ဆွေးနွေးထားတဲ့အကြောင်း စောပွယ်စေးက ပြောပါတယ်။ ဒုက္ခသည်စခန်းက လူနာတွေကို အရေးပေါ်လိုအပ်လို့ ထိုင်းဆေးရုံတွေကို ပို့မယ်ဆိုရင်လည်း ခွင့်ပြုထားတဲ့အကြောင်း ထိုင်းအာဏာပိုင်တွေက ပြောတယ်လို့ သူကပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မယ်တော်ဆေးခန်းနဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့ ထိခိုက်
အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက်
အမေရိကကို ပြောင်းခွင့်ရပြီးမှ နောက်ပြန်လှည့်သွားရသူများ
အခုလို ထိုင်းဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဒုက္ခသည်စခန်းတွေကို ကူညီပေးမယ်လို့ တာ့ခရိုင် အာဏာပိုင်တွေ ပြောလိုက်တဲ့နောက်မှာတော့ ဒုက္ခသည်တွေကိစ္စကို ခရိုင်အဆင့် ကျန်းမာရေးဌာနနဲ့ပဲ ဖြေရှင်းနေတာထက်၊ နိုင်ငံတော်အဆင့်က ဆောင်ရွက်သင့်တယ်လို့ မဲဆောက်ဆေးရုံက ဒေါက်တာ နွတ်တာဂန် ချူဝမ်ချွန်းက ပြောလိုက်တဲ့အကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖော်ပြထားပါတယ်။ မဲဆောက်ဆေးရုံမှာလည်း ထိုင်းလူနာတွေပုံနေပြီး မနိုင်မနင်း ဖြစ်နေရတဲ့အကြောင်း၊ မြန်မာနိုင်ငံက ဒုက္ခသည်ဦးရေဟာ မဲဆောက်မြို့နယ်က ထိုင်းလူဦးရေနဲ့ ဆတူဖြစ်နေတဲ့အကြောင်း၊ ဒါကြောင့် နယ်စပ်ဆေးခန်းတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာဆရာဝန်တွေကို ထိုင်းအစိုးရအနေနဲ့ အလုပ်ခန့်သင့်တဲ့အကြောင်း သူကထောက်ပြပါတယ်။ တကယ်လို့ သူ့ကိုအတင်းအကျပ် တာဝန်ပေးလာရင် အလုပ်ကနေထွက်မယ်လို့လည်း ပြောလိုက်ပါတယ်။
ဒုက္ခသည်စခန်းတွေမှာတော့ ကျန်းမာရေးအကူအညီတွေ ရုတ်တရက် ဖြတ်တောက်ခံရပြီးတဲ့နောက်မှာ အောက်ဆီဂျင်ရှူနေရတဲ့ လူနာနဲ့ ကလေးမွေးမဲ့ လူနာတွေ ရုတ်တရက် အခက်အခဲဖြစ်ခဲ့ရတယ်လို့ မယ်လစခန်းက ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ကတော့ ရပ်ကွက်ထဲက ကျန်းမာရေး စောင့်ရှောက်နေတဲ့ ဝန်ထမ်းတွေကနေ အဖွဲ့ဖွဲ့ပြီး ဆေးရုံမဟုတ်ဘဲ ဒီဘက်က စာသင်ကျောင်း အဟောင်းတစ်ခုမှာနေပြီး အရေးပေါ် လူနာတွေကို၊ မွေးမဲ့လူနာတွေကို ပြန်စောင့်ရှောက်တယ်။ ကိုယ်ထူကိုယ်ထ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ဆက်သွားတယ်"
အမေရိကန်နိုင်ငံက ထောက်ပံ့မှုတွေမရပ်ခင် ကျန်းမာရေးဝန်ထမ်း အင်အား ၁၀၀ နဲ့ လည်ပတ်နေတဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာ စေတနာ့ဝန်ထမ်း ၂၉ ယောက်ပဲ ရှိတော့တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ရှိသူ ကိုစောကော်က RFA ကို ပြောပါတယ်။
ဒီလိုအကျပ်အတည်းတွေ ဖြစ်နေတဲ့အချိန်မှာ ထိုင်းအစိုးရဘက်က အကူအညီပေးတာကို ဝမ်းသာရတယ်လို့ သူကပြောပါတယ်။
“စခန်းမှာရှိတဲ့ လူဦးရေနဲ့ ကျန်းမာရေးဝန်ထမ်း ၂၉ ယောက်နဲ့ လည်ပတ်ရမှာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ အဲဒီ IRC ဘက်က လိုတိုးပိုလျှော့ လုပ်ပေးနိုင်ရင်တော့ ကျွန်တော်တို့အတွက် အများကြီး အဆင်ပြေသွားမှာပေါ့”
နို့ဖိုးစခန်းမှာ ဒုက္ခသည် ၉၀၀၀ လောက်ရှိတယ်လို့ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်းကြီး TBC ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
အခုလို ထိုင်းနိုင်ငံက ဖြည့်စွက်ကူညီမယ်ဆိုတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရတဲ့ အခြေအနေဆိုးကနေ လတ်တလော ရှောင်လွှဲနိုင်မှာဖြစ်ပေမဲ့ အရင် IRC ထောက်ပံ့ခဲ့တုန်းကလောက်တော့ အဆင်ပြေမှာမဟုတ်ဘူးလို့ ကိုစောကော်က ပြောပါတယ်။
“ပိုကောင်းတဲ့ အခြေအနေတော့မရှိဘူး ဆရာမရယ်။ လောလောလတ်လတ် ကုသမှုပိုင်းဆိုင်ရာမှာ အရင်တုန်းက လည်ပတ်တဲ့ ပုံစံမျိုးလောက်တော့ရှိတယ်။ ဒါပေမဲ့ ဒီထပ်ပိုတာတော့ မရှိသေးဘူး”
အခုရက်ပိုင်း ပထမဆုံးကြုံနေရတဲ့ အခက်အခဲက လူနာကိုယ်တိုင် ဆေးရုံပို့တဲ့စရိတ်စကဖြစ်ပါတယ်။ အဲဒီကုန်ကျစရိတ်တွေကို အရင်က IRC ကပဲ ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ နောက်အခက်အခဲတွေက အမှိုက်သိမ်းစနစ်နဲ့ သောက်သုံးရေ ရရှိရေးဖြစ်ပါတယ်။ ရေအတွက် တစ်အိမ်ထောင်ကို တစ်လ ဘတ် ၅၀ ကောက်ပြီး ရေရအောင်ဆောင်ရွက်ပေးနေပေမဲ့ အဲဒီ ဘတ် ၅၀ ပေးဖို့တောင်ခက်ခဲတဲ့ အိမ်ထောင်စုတွေ ရှိနေပါတယ်။ ရေတင်ဖို့ လိုအပ်တဲ့ စက်နဲ့ မော်တာတွေကိုတော့ (IRC) ကနေ ဒုက္ခသည်စခန်း တာဝန်ခံတွေက အကူအညီတောင်းပြီး ဆက်လုပ်နေတာပါ။
ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘန့်ဒုံယမ်း၊ ထမ်ဟင်းနဲ့ ကရင်နီဒုက္ခသည်စခန်းတွေဖြစ်တဲ့ မယ်ဆူရင်းနဲ့ မိုင်နိုင်ဆွိုင် ဆိုတဲ့ စခန်းကိုးခုရှိပြီး ခန့်မှန်းလူဦးရေ တစ်သိန်းနှစ်သောင်းလောက်ရှိတယ်လို့ (TBC) အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာမှာပေးနေတဲ့ အကူအညီတွေဟာ အမေရိကန်တွေအတွက် အကျိုးရှိ၊ မရှိသုံးသပ်မယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သုံးလဆိုင်းငံ့လိုက်တဲ့အတွက် ထိုင်းနယ်စပ်က ဒုက္ခသည်တွေ ထိခိုက်သွားတာပါ။ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ မြန်မာပြည်ဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့ သတ်မှတ်ချက်ကို သမ္မတထရမ့်က ဆက်ပြီးလက်မှတ်ထိုး အတည်ပြုလိုက်တဲ့အတွက် အကူအညီတွေ ပြန်ရလာနိုင်တယ်လို့ သုံးသပ်နေကြတာလည်း တွေ့ရပါတယ်။