မဲဆောက်မြို့က တရုတ်ကုန်သည်တွေ မြန်မာတစ်သောင်းကျော်ကို စားစရာလှူဒါန်း
2024.08.24

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့ တရုတ်ကုန်သည်ကြီးများအသင်းက ဖွဲ့စည်းထားတဲ့ စုပေါင်းကုသိုလ်ပြု ဖောင်ဒေးရှင်းက ၅၅ ကြိမ်မြောက် တရုတ်ရိုးရာ ဘိုးဘွားကန့်တော့ပွဲ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံသားတစ်သောင်းကျော်အတွက် ဆန်နဲ့ စားသောက်စရာတွေ လှူဒါန်းပွဲကို ဩဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၃ နာရီက မဲဆောက်မြို့ တရုတ်ဘုရားကျောင်းဝင်းမှာ ကျင်းပခဲ့ပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ကရင်တိုင်းရင်းသားသတင်းမီဒီယာက မန်းမျိုးမြင့်က အခုလို ရှင်းပြပါတယ်။
"ဒီနေ့ အစီအစဉ်ကတော့ လူပေါင်းတစ်သောင်းကျော်အတွက် ဆန်ထုပ်တွေ ပြင်ထားတယ်။ ပထမအနေနဲ့ သူတို့ လူပေါင်း ခြောက်ထောင်ကျော်ကို တစ်ရစ် အရင်ပေးမယ်။ ပြီးတာနဲ့ ကျန်တဲ့သူတွေကို သူတို့ဆက်ပေးမယ်။ ဒီဆန်လှူပွဲကျင်းပတာကတော့ ဒီလက တရုတ်လူမျိုးတွေအနေနဲ့ပေါ့နော် ကွယ်လွန်သွားပြီဖြစ်တဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို ကောင်းမှူကုသိုလ်ပြုပေးတဲ့လ အလှူဖြစ်တဲ့အတွက် အခုလို ဆန်လှူပွဲကို ကျင်းပပြုလုပ်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်"
စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံဘက်ကို ရှောင်တိမ်းလာခဲ့တဲ့ ရန်ကုန်မြို့က မခိုင်က ဒီလှူဒါန်းမှုကြောင့် မိသားစုစားဝတ်နေရေး အထောက်အကူဖြစ်စေတယ်လို့ ပြောပါတယ်။
"မလာဖူးတဲ့သူတွေကို သူတို့ပြောပြမှာပေါ့ ဒီမှာလှူတာအများကြီးပဲလို့။ မြန်မာပြည်မှာ ကုန်စျေးနှုန်းတက်တယ်လေ တအား ဝယ်မစားနိုင်ဘူးလေ ဆန်တွေ ဆီတွေ တအားတက်တယ်။ ဆီတစ်ခါရဖို့ကို တန်းစီရတယ်လေ။ ဆီ ၂၅ ကျပ်သားရဖို့ကို တန်းစီရတယ် တိုးပြီးတော့။ မိသားစုချက်စားမှာပေါ့ ချက်ပြုတ်စားမှာပေါ့။ အားလုံးကျန်းမာပါစေ။ ချမ်းသာပါစေ"
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ထိုင်းနိုင်ငံတွင်းမှာ ကိုဗစ်ကူးစက်ကပ်ရောဂါဖြစ်ပွားခဲ့တာကြောင့် တရုတ်ကုန်သည်အသင်းက လှူဒါန်းမှုတွေ ရပ်နားထားခဲ့ပြီး အခု ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်မှာ ၅၅ နှစ်ပြည့်အဖြစ် ပြန်လည်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
တရုတ်ကုန်သည်ကြီးများအသင်းဟာ ဒေသအတွင်းက နယ်စပ်ဒေသ စစ်ရှောင်အရေးကို ကူညီဆောင်ရွက်လေ့ရှိပြီး အထူးသဖြင့် ရေဘေး၊ မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ အချိန်ကာလတွေမှာ မြန်မာနိုင်ငံသားတွေကို ကျန်းမာရေး၊ ပညာရေး ကူညီစောင့်ရှောက်ပေးတာတွေရှိတယ်လို့ မန်းမျိုးမြင့်က ဆိုပါတယ်။
"မြန်မာပြည်သားတွေက မဲဆောက်နယ်မြေထဲမှာ သိန်းနဲ့ချီ ရှိတာကိုး အဲ့တာကြောင့်ပါ။ သူတို့ လူတစ်ဦးစာအတွက် သူတို့ ထုတ်ထားတဲ့တစ်ထုပ်စာထဲမှာ ဘာပါလဲဆိုရင်တော့ အလယ်အလတ်တန်းစားဆန် ငါးကီလိုပါတယ်၊ ငါးသေတ္တာလေးဘူးပါတယ်၊ မားမားခေါက်ဆွဲခြောက် လေးထုပ်ပါတယ်၊ ဆားတစ်ထုပ်ပါတယ်ဗျ။ နှစ်စဉ်ကျင်းပတဲ့ ဆန်လှူပွဲက အနည်းဆုံး မြန်မာပြည်သားတစ်သောင်းကျော်လောက် နှစ်စဉ်လာတာပဲ။ အခုဒီနှစ်လည်း တစ်သောင်းကျော်တာပဲ။ သူတို့လည်း ပြင်ဆင်ထားတာ အထုပ်ရေ တစ်သောင်းကျော်လောက် ပြင်ဆင်ထားတယ်"
ဆက်နွှယ်သောသတင်းများ
CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း
နိုင်ငံတကာလူငယ်များနေ့ မဲဆောက်မှာကျင်းပ
ကျားဖျန့်လုပ်ငန်းက တရုတ်နိုင်ငံသားတွေ မဲဆောက်မြို့ကို ရွှေ့ပြောင်း
မြန်မာပြည်မှာ စားသောက်နေထိုင်ရေး ခက်ခဲတဲ့အတွက် မဲဆောက်မြို့ကို ထွက်ခွာလာခဲ့တဲ့ မနုနုခိုင်က အခုလို စားသောက်စရာတွေ လှူဒါန်းတဲ့အပေါ် ကျေးဇူးတင်ရကြောင်း ပြောပါတယ်။
"ဒီမှာကတော့ မြန်မာပြည်ဘက်ထက်ဆိုင်ရင် လုပ်စားရတာ အဆင်ပြေပါတယ် နည်းနည်းပါးပါး ချောင်လည်တယ်။ သူများပြောလို့လာတာ။ လှူတဲ့သူကို ကျေးဇူးအများကြီးတင်ပါတယ်လို့။ နောက်နှစ်တွေလည်း လှူနိုင်ပါစေလို့"
ဒီအလှူကို တာခ့်ခရိုင် မဲဆောက်မှာ နေထိုင်ကြတဲ့ ရွေ့ပြောင်းမြန်မာနိုင်ငံသားတွေအပြင် မြဝတီမြို့ဘက်က ဒေသခံတွေလည်း လာရောက်ခဲ့ကြပါတယ်။