အနာဂတ်ကို ပြန်တည်ဆောက်ပေးလိုတဲ့ မြစ်ကြီးနားက ဘိန်းဖြတ်စခန်း

2022.06.13
အနာဂတ်ကို ပြန်တည်ဆောက်ပေးလိုတဲ့ မြစ်ကြီးနားက ဘိန်းဖြတ်စခန်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရမ်းခဲ (Ram Hkye) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သင်တန်းကျောင်းသို့ မူးယစ်ဆေး ဖြတ်ရန် ရောက်ရှိနေသူများကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်တစ်ဝန်းက မူးယစ်ဆေးရဲ့ သားကောင်အဖြစ်ကနေ ရုန်းထွက်လိုသူတွေဟာ မြစ်ကြီးနား မြို့က ရမ်းခဲ (Ram Hkye) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သင်တန်းကျောင်းမှာ ဘာသာရေးကို လေ့လာသင်ယူရင်း မူးယစ်ဆေးဖြတ်ဖို့ ကြိုးစားနေကြပါတယ်။

မြစ်ကြီးနားမြို့ နမ့်ကျင်ရွာမှာရှိတဲ့ Ram Hkye မူးယစ်ဆေးဖြတ်စခန်းကို ၂၀၁၁ ခုနှစ် ကတည်းက ကိုယ်ထူကိုယ်ထ စနစ်နဲ့ စတင်ဖွင့်လှစ်ထားတာပါ။ မူးယစ်ဆေးဝါး ကျေးကျွန် ဘဝကနေ ကိုယ်တိုင် လွတ်မြောက်ခဲ့ပြီး သူနဲ့ဘဝတူတွေကိုပါ သူ့လို လွတ်မြောက် စေလိုတဲ့အတွက် Ram Hkye မူးယစ်ဆေးဖြတ်စခန်းကို ဖွင့်လှစ်ခဲ့တာလို့ စခန်းတာဝန်ခံ ဦးတန်ရောက ပြောပါတယ်။

“ဒီ မူးယစ်ဆေးဝါးသမားတွေရဲ့ ခံစားရတဲ့ ဒုက္ခ၊ အခက်အခဲ၊ ပြဿနာတွေကို အမြဲတမ်း ကျနော် မြင်ယောင်နေတယ်၊ ပြီးတော့ သူတို့ နောက်ကွယ်မှာရှိတဲ့ မိသားစုရဲ့ နှလုံးသား ငိုကြွေးသံ၊ အရှက်တကွဲအကျိုးနည်းတွေကို ကျနော်ပြောင်းလဲလာတော့ တခြား ဘာမှ လုပ်ချင်စိတ်မရှိဘူး။ ကျနော့်မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက် မြင်နေတော့ ကျနော့်လို ဘဝတူ မူးယစ်ဆေးသမားတွေကို ကျနော့်လို ပျော်ရွှင်တဲ့ဘဝ ပြန်ပြီး ပိုင်ဆိုင်ပါစေဆိုတဲ့ ဆန္ဒနဲ့ ဒီသင်တန်းကျောင်းကို အစပြုခဲ့တာ ဖြစ်ပါတယ်”

ဒီစခန်းမှာ ဆေးဖြတ်တဲ့အချိန်ကို ခြောက်လကနေ တစ်နှစ်အထိ သတ်မှတ်ထားပြီး အသက် ၁၉ နှစ်ကနေ ၆၀ ကြား မူးယစ်ဆေးလာဖြတ်သူ ၅၂ ယောက် လောလောဆယ် ရှိနေပါတယ်။

မူးယစ်ဆေးလာဖြတ်တဲ့သူတွေကို အခန်းကျဉ်းထဲမှာ ပိတ်လှောင်ပြီး အကြမ်းနည်းနဲ့ ဆေးဖြတ်တာမျိုး မဟုတ်ဘဲ ဆေး စဖြတ်တဲ့ သူကို နင်းနှိပ်ပေးတာနဲ့ ရေချိုးပေးတာ စသဖြင့် နူးညံ့တဲ့နည်းနဲ့ တဖြည်းဖြည်းချင်း မူးယစ်ဆေးဖြတ်တဲ့ နည်းလမ်းကို သုံးတယ်လို့ ဦးတန်ရောက ပြောပါတယ်။

ဦးတန်ရောဟာ သူ့အသက် ၁၄ နှစ်အရွယ်ကတည်းက မူးယစ်ဆေးသုံးစွဲခဲ့ပြီး အသက် ၃၀ အရွယ်ရောက်မှ မူးယစ်ဆေးဝါး ကျေးကျွန်ဘဝကနေ လွတ်မြောက်ခဲ့တာပါ။

"ဒီအရာက တစ်ခါ စမ်းမိပြီဆိုရင် အရသာကို သိပြီဆိုတာနဲ့၊ ကိုယ့်အသွေးသားမှာ ရောက်ပြီဆိုတာနဲ့  ဖြတ်ဖို့လည်း အရမ်း ခဲယဉ်းတယ်။ "

သူ့မှာ မွေးချင်း အစ်ကို လေးယောက်ရှိပြီး အဲဒီလေးယောက်စလုံး မူးယစ်ဆေးနဲ့ အသက် ဆုံးခဲ့ကြရပါတယ်။ စတုတ္ထမြောက် အစ်ကိုဆိုရင် ဦးတန်ရောရဲ့ လက်ပေါ်မှာပဲ ဘိန်းဖြူထိုးရင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကချင်ပြည်နယ်ထဲက ရွှေဖောင်တစ်ခုမှာ ရေငုပ်လုပ်သားလုပ်ရင်း ၂၀၀၀ ပြည့်နှစ် ကတည်းက မူးယစ်ဆေး သုံးစွဲခဲ့တဲ့ အသက် ၄၆ နှစ်အရွယ် ဦးငွါးသားဟာ မူးယစ်ဆေးကို အကြိမ်ကြိမ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အရင်က အလုပ်လုပ်တဲ့အခါ အဆင်ပြေအောင် မူးယစ်ဆေးကို သုံးစွဲခဲ့တာက စခဲ့ပြီး မူးယစ်ဆေး သုံးစွဲတာကို မရပ်တန့်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ အခုတော့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကိုပါ ခံနေရတယ်လို့ ဦးငွါးသားက ပြောပါတယ်။

“ရွှေမှော်မှာ ရေငုပ်တဲ့ခါ ရေက ၁၂ လပိုင်း၊ ၁ လပိုင်းဆို တအားအေးတာ၊ အေးတာကို မခံနိုင်တော့ အမဲလေး (ဘိန်းမဲ) တွေ ကူရင်းငုပ်၊ အမဲကတော့ နွေးတယ်။ ဒါက ပြောမယ်ဆို ကြိုက်လို့ သုံးစွဲခဲ့တာ မဟုတ်ဘူး။ လုပ်ငန်းလုပ်ရင်းနဲ့ သုံးရင်းနဲ့ တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် အဲဒီဘဝထဲ နစ်မှန်းမသိ နစ်သွားတယ်။ အဖြူ စသုံးတဲ့အခါ အပ်တွေ ဘာတွေ ပေါင်းမသုံးသင့်ဘူး ဆိုတာလည်း နားမလည်ဘူး။ တောထဲ၊ မှော်ထဲမှာဆိုရင် အပ်တွေဆိုလည်း မြို့တွေမှာလို၊ ဆေးခန်းတွေမှာလို ဝေတဲ့နေရာလည်း မရှိဘူး၊ အပ်တစ်ချောင်းကိုပဲ လူ လေးငါး ခြောက်ယောက် သုံးလိုသုံး၊ အဲလိုမျိုး သုံးတဲ့အခါကျတော့ ကိုယ့်အတွက် ဆိုးကျိုး ဘာဖြစ်လာလဲဆိုတော့ နောက်ပိုင်း ကျန်းမာရေးတွေ ချူချာလာတယ်”

ဦးငွါးသားဟာ Ram Hkye မူးယစ်ဆေးဖြတ်စခန်းမှာ ပထမအကြိမ် ခြောက်လ ဆေးဖြတ်ခဲ့ပေမယ့် မူလ သူ့ ပတ်ဝန်းကျင်ကို ပြန်ရောက်တဲ့အခါ မူးယစ်ဆေး ပြန်သုံးမိတာကြောင့် အခု ဒုတိယအကြိမ် ဆေးဖြတ်ဖို့ ရောက်နေတာ တစ်လရှိပါပြီ။

အသက် ၄၀ အရွယ် ဦးအောင်အောင် ကတော့ မိသားစု စားဝတ်နေရေးအတွက် မီးသွေးဖုတ်လုပ်ငန်းကို လုပ်ကိုင်ရင်း အသက် ၃၀ ကျော်မှ မူးယစ်ဆေးကို စမ်းသုံးကြည့်ရာကနေ မသုံးရ မနေနိုင်အောင် စွဲလန်းခဲ့သူပါ။ မူးယစ်ဆေးစွဲနေတဲ့ ကာလတစ်လျှောက်လုံး သူ့ဆေးဖိုးအတွက်ပဲ လုံးပန်းနေခဲ့ပြီး မိသားစုအပေါ် တာဝန်မကျေခဲ့တဲ့အတွက် ဝမ်းနည်းရတယ်လို့ ဦးအောင်အောင်က ဆိုပါတယ်။

“ကလေးတွေ ဖျားနာတဲ့ အချိန်တွေမှာ ကျနော့်စိတ်က အထိခိုက်ဆုံးပဲ။ ကိုယ့်ဘက် ကလည်း ငွေမရှာပေးနိုင်၊ ကိုယ်ကလည်း ဆေးအတွက်ကို ပိုက်ဆံကပြန်လို သူတို့ကို ဆေးခန်းလည်း မပြနိုင်၊ အဲအချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားတာ၊ သူတို့ကို ဘာမှ မလုပ်ပေးနိုင်ဘူး။ အဲအချိန် ကျနော် စိတ်ဓာတ်အကျဆုံးအချိန်၊ အဲအချိန် ဟုတ်တယ်။ ကိုယ်က ဆေးသမားဖြစ်နေပြီဆိုတော့ ဘာမှ မတတ်နိုင်ဘူးလေ။ ကိုယ့်ဟာနဲ့ကိုယ် ရှာစားပြီးမှ အဲလိုလျှောက်သွားနေတာပဲ။ မိန်းမကိုပဲ ဒုက္ခပေးသလို ဖြစ်တာပေါ့”

drug addict-camp
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရမ်းခဲ (Ram Hkye) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သင်တန်းကျောင်းမှာ ဘာသာရေးကို လေ့လာသင်ယူရင်း မူးယစ်ဆေးဖြတ်နေသူများကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ် ( Photo: RFA)

ဦးအောင်အောင်ဟာလည်း ပထမအကြိမ်တုန်းက လေးနှစ်ကျော်ကြာ ဆေးဖြတ်ခဲ့ဖူးပေမယ့် ရွာပြန်ရောက်တဲ့အချိန် ဆေး ပြန်သုံးမိတာကြောင့် အခု ဒုတိယအကြိမ် ဆေးဖြတ်နေတာ တစ်လ နီးပါးရှိပါပြီ။

ဒီဆေးဖြတ်စခန်းကို ကိုယ်ထူကိုယ်ထ ထူထောင်ထားသူ ဦးတန်ရောကတော့ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်မှာ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အဆမတန် တိုးလာတာကြောင့် ဆေးလာဖြတ်သူ အရေအတွက်လည်း ပိုတိုးလာတယ်လို့ ဆိုပါတယ်။

မူးယစ်မှုနဲ့ ထောင်ကျနေသူတွေဟာ စစ်ကောင်စီလက်ထက် လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာ ပြီးနောက် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာတွေ ပြန်လုပ်လာတယ်လို့ ဦးတန်ရောက ပြောပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့သူ၊ သုံးစွဲတဲ့သူ ထွက်လာတဲ့သူ အားလုံးက ရောင်းတဲ့လူက အားလုံးပြန်ရောင်းကြတယ်၊ သုံးတဲ့လူက အားလုံးပြန်သုံးနေတာ။ အပြင်ကရှိတဲ့ဟာတွေနဲ့ ပြန်ပေါင်းလိုက်ပြီဆိုတော့ အများကြီး အဆပေါင်းများစွာ ပိုဆိုးသွားပြီ။ ထုတ်လုပ်တဲ့လူတွေလည်း အခုချိန်က အများကြီး ထုတ်လုပ်တယ်၊ စိုက်တဲ့လူလည်း ထိုနည်းလည်းကောင်းပဲ၊ ရောင်းတဲ့လူလည်း ပိုများလာတယ်၊ သုံးတဲ့လူလည်း ပိုများလာတယ်။ နောက်ဆက်တွဲပြဿနာ ခိုးဆိုး လုယက်တွေလည်း သိတဲ့အတိုင်း အရင်နှစ်တွေထက် အများကြီး ဆိုးသွားပြီ”

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကတော့ သူတို့ အစိုးရအနေနဲ့ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို စနစ်တကျ လုပ်ဆောင်နေပါတယ်လို့ ပြီးခဲ့တဲ့လက RFA ကို ပြောခဲ့ပါတယ်။

အသက် ၁၅ နှစ်အရွယ်ကတည်းက မူးယစ်ဆေးကို စမ်းသုံးကြည့်ရာကနေ ဆေးသမား ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့ အသက် ၂၀ အရွယ် ကိုဆာလီမိုး ကတော့ Ram Hkye လူငယ်သင်တန်းကျောင်းမှာ ဘာသာရေးကို လေ့လာသင်ယူနေတာ ၂ နှစ် ရှိနေပါပြီ။

သူကိုယ်တိုင် မူးယစ်ဆေးဝါး သားကောင်ဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း လူငယ်တွေ မူးယစ်ဆေးကို စပ်သပ်ကြည့်တာမျိုး လုံးဝ မလုပ်ဖို့ ကိုဆာလီမိုးက တိုက်တွန်းပါတယ်။

“အခုလက်ရှိ လူငယ်တွေပေါ့၊ ဒီဟာ စမ်းဖို့ကြိုးစားတဲ့သူတွေရော အဓိကဆိုရင် စမ်းဖို့ မပြောနဲ့ ရှိမယ့်နေရာကို မသွားဖြစ်ရင် အရမ်းကောင်းတယ်။ အပေါင်းအသင်းလည်း မမှားဖို့အတွက် အရေးကြီးတယ်။ ဒီအရာက တစ်ခါ စမ်းမိပြီဆိုရင် အရသာကို သိပြီဆိုတာနဲ့၊ ကိုယ့်အသွေးသားမှာ ရောက်ပြီဆိုတာနဲ့ ဒီဟာက ဖြတ်ဖို့လည်း အရမ်း ခဲယဉ်းတယ်။ တစ်ခါ၊ နှစ်ခါ စမ်းပြီဆိုတာနဲ့ ရင်းကြီးတဲ့အထိ သုံးစွဲတာများတယ်”

မူးယစ်ဆေးစွဲတာကြောင့် အလယ်တန်းကနေ ကျောင်းထွက်ခဲ့ရတဲ့ အသက် ၂၀ အရွယ် ကိုဆာလီမိုး ဟာ ဆေးဖြတ်စခန်းကနေ ပြန်ထွက်လာရင် သူ့ဘဝ အနာဂတ်အတွက် ပညာတစ်ခုခု ဆက်သင်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေမှာ ကမ္ဘာကျော်တဲ့ မြန်မာနိုင်ငံမှာ အစိုးရတွေ အမျိုးမျိုး ပြောင်းလဲခဲ့ပေမယ့် မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် ဘယ်အစိုးရကမှ မနှိမ်နင်းနိုင်ခဲ့ပါဘူး။

အုပ်ချုပ်သူတွေဘက်က တားဆီးနှိမ်နင်းမှုတွေအားနည်းနေလို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကြားမှာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်စခန်းတွေ ထူထောင်လာကြပါတယ်။ ဒါပေမဲ့လည်း ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းမှာ မူးယစ်ဆေးဝါးပြဿနာက ကြီးကြီးမားမား ဆက်ပြီး ရှိနေတုန်းပါပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။