မန္တလေးတိုင်း၊ မြင်းခြံခရိုင်က မြို့နယ်လေးခုကို မြန်မာစစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်မှုကြောင့် ဧပြီလ တစ်လတာအတွင်း ဒေသခံအရပ်သား ၇၂ ဦး သေဆုံးခဲ့တယ်လို့ Emergency Management Committee - MDY (EMC-Mandalay) အဖွဲ့က မေလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ တစ်လအတွင်းမှာ မြင်းခြံမြို့နယ်မှာ ၃၀ ဦး၊ ငါန်းဇွန်မြို့နယ်မှာ ၂၃ ဦး၊ တောင်သာမြို့နယ်မှာ ၁၂ ဦး နဲ့ နွားထိုးကြီးမြို့နယ်မှာ ၇ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီ ထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ် ၁၂ ဦး၊ အမျိုးသမီး ၄၂ ဦး နဲ့ သက်ကြီးရွယ်အိုအချို့ ပါဝင်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းထိုး သတ်ဖြတ်ခံရတာ၊ လေကြောင်းတိုက်ခိုက်ခံရတာ၊ လက်နက်ကြီးထိမှန်တာ နဲ့ မိုင်းနင်းမိတာတွေကြောင့် ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်က ခုခံတော်လှန်မှုအားကောင်းတဲ့ မြင်းခြံခရိုင်က မြို့နယ်တွေ ခပ်စိတ်စိတ် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ တယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တပ်က မြင်းခြံတစ်ခရိုင်လုံးကို သူတို့ပတ်ပြီး စစ်ကြောင်းထိုးနေတာဗျ။ နယ်မြေရှင်းလင်းရေး ပုံစံမျိုးလုပ်နေတာ။ တစ်ချို့နေရာသူတို့ ရှေ့ဆက်တိုးလို့ မရဘူး။ တစ်ချို့နေရာတွေကျတော့ တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး ရွာတွေ မီးရှို့ခံရတာ ရှိတယ်။”
လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ မြင်းခြံခရိုင်ကို စစ်တပ်က နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့နေတာကြောင့် စစ်ဘေးဒုက္ခသည်က သောင်းနဲ့ချီ ရှိနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
စစ်တပ်ခန့်အစိုးရရဲ့ ဧပြီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းက မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေ ကြေညာထားပြီး အဲဒီထဲမှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်က ငါန်းဇွန်မြို့နယ်လည်း ပါဝင်နေပါတယ်။
