အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်မြို့နယ်ကရွာတွေကို စစ်တပ်ကတိုက်ခိုက်မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကိုပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်အသစ်တက်လာပြီး ဧပြီလထဲမှာ စစ်ကြောင်းထိုးတာ ပိုများလာတယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခု ဒီရွေးကောက်ပွဲလည်းပြီးသွားရော ကာချုပ်အသစ်လည်းတက်လာရော စစ်ကြောင်းထိုးတာတွေက မတရားကြီးကို ပိုဆိုးလာတယ်။ ကျေးရွာပြည်သူလူထုလည်း အတိဒုက္ခပိုရောက်တယ်။ ရွေးကောက်ပွဲ မတိုင်ခင်က တစ်လနှစ်လလောက်က Air Strikes လေကြောင်း တိုက်ခိုက်မှုတော်တော်ကိုနည်းတယ်။ အခုရွေးကောက်ပွဲလည်းပြီးသွားရော လေကြောင်းတိုက်ခိုက်တာတွေ လေယာဉ်ပျံသန်းမှုတွေလည်း အကြိမ်ရေပိုများလာတယ်”
ဧပြီလထဲမှာ ရွာပေါင်း ၂၀ ထက်မနည်း မီးရှို့ခံရပြီး နေအိမ်ထောင်နဲ့ချီပြာကျသွားတယ်လို့ပြောကြပါတယ်။
မီးရှို့ခံရတဲ့ရွာထဲမှာ ပြည်တော်သာရွာ၊ ရှားကုန်းရွာ၊ ထိန်ပင်ရွာ၊ ရွာသစ်ရွာ၊ တလုပ်မြို့ ၊အိုင်းမရွာ၊ ကျောက်ဖြူ ကန်ရွာ၊ တူရွင်းဘို့ရွာ၊ ကျီးပင်ကန်ရွာ၊ ယုန်ထိုးစွယ်ရွာ၊ ဆိတ်ကုန်းရွာ၊ ကန်စွယ်ရွာနဲ့ ပျိုးကန်ရွာတို့ ပါတယ်လို့သိရပါတယ်။ ဒါကြောင့် စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီရှိနေပြီး သူတို့အတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်။
စစ်တပ်နဲ့ ပျူစောထီးအင်အား တစ်ထောင်လောက်က မြင်းခြံမြို့ပတ်လည်ကို ဖြန့်ခွဲပြီး ထိုးစစ်ဆင်သလို၊ မြင်းခြံ-ညောင်ဦး လမ်း၊ မြင်းခြံ-တလုပ် လမ်းတွေကနေစစ်ကြောင်းထိုးပြီး နွားထိုးကြီးဘက်ကနေ လက်နက် ကြီးတွေနဲ့ ပစ်တယ်လို့ပြောကြပါတယ်။
မေလ ၁ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်အစပ်မှာရှိတဲ့ရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးပြီး ဧရာဝတီမြစ်ကမ်းဘေးက မြင်းခြံမြို့နယ် ဆင်ချောင်းရွာကို မီးရှို့လို့ အိမ် ၆၀ နီးပါးပြာကျသွားတယ်လို့ ပြောပါတယ်။
မြင်းခြံခရိုင်ထဲမှာ တစ်ရက်ကို တိုက်ခိုက်ရေးရဟတ်ယာဉ် ခုနစ်စင်းလောက် ဖြတ်ပျံနေတယ်လို့လည်း ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ငါန်းဇွန်မြို့နယ် နတ်ကြီးရွာက ရှင်လောင်းလှည့်နေတဲ့ လူတန်းကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နတ်ကြီးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲသွားတာ။ ဗုံးကြဲတာက ရွာအနောက်ဘက်ခြမ်းကို ကြဲတာ နေအိမ်ငါးလုံးပျက်စီးတယ်။ ဗုံးကြဲပြီးတဲ့အချိန်ကျမှ လူစုစုမြင်လို့လားမသိဘူး အလှူရှင်လောင်းလှည့်နေတဲ့ အလှည့်က ရွာအရှေ့ပိုင်းမှာလှည့်နေတာဆိုတော့ အဲဒီလှည့်နေတဲ့ ရှင်လောင်းအလှည့်တန်းကို ရောကတ်နဲ့ ပြန်ထုတာ။ ရောကတ်နဲ့ပြန်ထုတာက ၁၅ နှစ် ကောင်မလေးတစ်ဦးသေတယ်။ ၁၇ ဦး ဒဏ်ရာရတယ်။ ၁၇ ဦးထဲမှာ ၅ ဦးကကျတော့ ကလေးငယ်တွေ။”
ဒဏ်ရာရတဲ့ ၁၇ ဦးမှာ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၆ ဦးဖြစ်ပြီး၊ အသက် ၁၆ နှစ်အောက် ကလေး ၅ ဦး၊ အသက် ၃၀ နဲ့ ၆၅ နှစ်ကြား ၁၂ ဦး ပါဝင်ပြီး ရွာအရှေ့ခြမ်းက ရှင်လောင်းလှည့်နေတဲ့ လူတန်းကို ဦးတည် တိုက်ခိုက်တာလို့ ပြောပါတယ်။
တောင်သာမြို့နယ်ထဲမှာလည်း ဧပြီလအတွင်းမှာ သံဘို၊ တပေါင်းရွာမ၊ ရွှေစမ်းချောင်း(ခ)မဲတော ရွာသုံးရွာက အိမ်ခြေ ၃၀၀ လောက်မီးရှို့ခံရပြီး စစ်ဘေးဒုက္ခသည် ၄၇၀၀ လောက်ရှိနေတယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းထဲမှာဆိုရင် အရင်က ပြည်သူ့ကာကွယ်ရေးတပ်တွေအားကောင်းခဲ့တဲ့ ပြင်ဦးလွင်ခရိုင်ထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တွေကို စစ်တပ်က နယ်မြေစိုးမိုးထိန်းချုပ်ပြီးနောက် မြင်းခြံခရိုင်ကိုပါ ရရှိဖို့ ကြိုးစားနေတယ်လို့ တောင်သာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ မန္တလေးတိုင်းထဲမှာ မြင်းခြံခရိုင်က စစ်ရေးအမြင့်ဆုံး အရှိန်ရှိတာဆိုတော့ တစ်ခရိုင်လုံးအပေါ်မှာ စစ်ရေး လွှမ်းမိုးမှု သူတို့ ကြိုးစားတာပေါ့နော်။ မြင်းခြံခရိုင်က တောင်ဘက်ကြည့်ရင်လည်း မိတ္ထီလာ ၉၉ တပ်မ ရှိသလို မြောက်မှာရှိရင်လည်း ပခုက္ကူဘက်က ၁၀၁ ရှိ တယ်ပေါ့၊ ပြီးလို့ရှိရင် မြင်းခြံ ခမရ ၁၅ ပေါ့။ ကျောက်ပန်း တောင်း ဒရုန်းတပ် ဒါတွေကြားထဲမှာ တည်ရှိနေတာဖြစ်လို့ စစ်ရေးနယ်မြေအရ မန္တလေးဒေသမှာ သူတို့ ပြင်ဦးလွင်ခရိုင်ကို သူတို့ရရှိတယ်လို့ ပြောလို့ရတာပေါ့။ အဲတော့ မြင်းခြံခရိုင်ကိုလည်း ရဖို့အတွက် သူတို့ ကြိုးစားနေတာပေါ့ဗျာ”
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်ကသတင်းထုတ်ပြန်တာမတွေ့ရပါဘူး။
မြင်းခြံခရိုင်ဟာ တော်လှန်ရေးအားကောင်းတဲ့ မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ စစ်ကိုင်းတိုင်း မြောင်၊ မြင်းမူမြို့နယ် တွေနဲ့ နယ်မြေချင်းထိစပ်နေပြီး မန္တလေးမြို့ကိုသွားတဲ့လမ်းကြောင်းမှာတည်ရှိနေတာကြောင့် အရေးပါတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
