လားဟူ တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုနဲ့ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ကျင်းပလေ့ ရှိပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီနှစ်မှာတော့ နိုင်ငံအသီးသီး ရောက်ရှိနေတဲ့ လားဟူလူမျိုးတွေ စုပေါင်းပြီး ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Payap တက္ကသိုလ်မှာ ဇန်နဝါရီလ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပနေပါတယ်။
"မြန်မာပြည်မှာလုပ်ခဲ့တဲ့ လားဟူရိုးရာ နှစ်သစ်ကူးပွဲတော်ကို လွမ်းတယ်"
ဒီပွဲတော်ကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဥ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် အခုလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျင်းပရတာလို့ လားဟူ အမျိုးသမီး အစည်းအရုံးရဲ့ အတွင်းရေးမှူး ဒေါ်နာဘစ်ဘွန်က RFA ကို ပြောပါတယ်။
“ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ အနောက်နိုင်ငံမှာ နေတဲ့သူတွေ (လားဟူ) အကုန်လုံးက မြန်မာနိုင်ငံကနေ ရွှေ့ခဲ့တဲ့သူတွေ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း သူတို့ရဲ့ ဇာတိကို ပြန်လာချင်တဲ့စိတ် ရှိကြတယ်။ အခြေအနေ ကောင်းတယ်ဆိုရင်တော့ နောက်တစ်ကြိမ် ရွေးချယ်မယ့် နေရာကတော့ မြန်မာပြည် ဖြစ်နိုင်ပါတယ်။ မြန်မာပြည်လည်း အမြန်ဆုံး ငြိမ်းချမ်းပါစေ။ ကျွန်မတို့လည်း အိမ်ပြန်ချင်လှပြီ။ ကိုယ့်ရပ်၊ ကိုယ့်အိမ်မှာ နှစ်သစ်ကူးပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပချင်တာပါ”
လားဟူ လူမျိုးတွေရဲ့ လက်ဆေးမင်္ဂလာ အခမ်းအနားနဲ့အတူ ရိုးရာအကတွေနဲ့ပါ ဖျော်ဖြေခဲ့ပြီး ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားတချို့ အပါအဝင် လူဦးရေ ၁၅၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ရန်ကုန် လားဟူ နှစ်ခြင်းအသင်းတော်ရဲ့ သင်းအုပ်ဆရာ ဦးကျာမှူးကတော့ နောက်နှစ်တွေ မြန်မာပြည်မှာ ကျင်းပနိုင်ဖို့ မျှော်လင့်တယ်လို့ RFA ကို ပြောပါတယ်။
“ရှမ်းပြည်မြောက်ပိုင်းက ပွဲအတွက် လေ့ကျင့်ထားတဲ့သူတွေ ပြင်ထားတဲ့သူတွေ ရှိတယ်။ စုစည်းထားတဲ့သူတွေ အတော် များတယ်။ သို့ပေမယ့် မိသားစု အခြေအနေ အမျိုးမျိုး ကြောင့် လူနည်းစုပဲ လာကြတယ်။ ဒီနှစ်ကတော့ ပထမဆုံးအကြိမ်အနေနဲ့ ချင်းမိုင်မှာ ကျင်းပတယ်။ အခြေအနေ ကောင်းလာရင်တော့ လာမယ့်နှစ်တွေက မြန်မာပြည် ဖြစ်မယ်၊ တရုတ်ပြည် ဖြစ်မယ်၊ လားဟူတွေရှိတဲ့ နိုင်ငံအသီးသီးမှာ ကျင်းပဖို့ရှိပါတယ်”
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဥ် (UNDP) ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Renaud Meyer ကလည်း ကုလသမဂ္ဂအနေနဲ့ စိတ်ဝင်စားမှု ရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ တက်ရောက်တာလို့ RFA ကို ပြောပါတယ်။
“မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုလို အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် ချင်းမိုင်မှာ ကျင်းပတဲ့ လားဟူ နှစ်သစ်ကူး အခမ်းအနားဟာ လားဟူ လူမျိုးစု အသိုင်းအဝိုင်းအကြောင်း လေ့လာသိရှိ ဖို့အတွက် အခွင့်အလမ်းတစ်ခု သာမက ဒီလိုလူမျိုးစု အသိုင်းအဝိုင်းတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့၊ သူတို့အကြောင်း လေ့လာဖို့၊ သူတို့ ရင်ဆိုင်ကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေကို နားလည်ဖို့နဲ့ လားဟူ လူမျိုးစုတွေရဲ့ ဘဝတွေ တိုးတက်ရေး အတူတကွ အဖြေရှာကြဖို့ ကုလသမဂ္ဂရဲ့ စိတ်ဝင်စားမှု ရှိတာကိုလည်း ပြသပါတယ်”
ထိုင်းနိုင်ငံက လားဟူ လူမျိုးတွေဟာ ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဆိုင်နဲ့ မယ်ဟောင်ဆောင် စတဲ့မြို့တွေမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေထိုင်ပြီး အရင်နှစ်တွေကတော့ နှစ်သစ်ကူးပွဲတော်ကို ကိုယ့်အရပ်ဒေသမှာပဲ ကျင်းပကြတာပါ။

ဒီနှစ်မှာတော့ နိုင်ငံတကာနဲ့ ထိုင်းနိုင်ငံရောက် လားဟူ လူမျိုးတွေအပြင် မြန်မာကလာတဲ့ သူတွေနဲ့ပါ တွေ့ရတာကြောင့် ဝမ်းသာတယ်လို့ ချင်းမိုင်မှာ ဆယ်နှစ်ကြာ နေထိုင်တဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်နန်းခမ်းက RFA ကို ပြောပါတယ်။
“ရွာမှာတော့ တစ်နှစ်တစ်ခါ လုပ်တယ်။ ဒီလိုမျိုး လူတွေ အများကြီးနဲ့ နိုင်ငံတကာက လူတွေစုပြီး လုပ်တာ ပထမဆုံးပဲ။ ကျိုင်းတုံနဲ့ တာချီလိတ်က လာတဲ့ ဆွေမျိုးတွေနဲ့ တွေ့တယ်။ ချင်းမိုင်မြို့အပြင်မှာ နေတဲ့လူတွေနဲ့လည်း တွေ့တယ်။ ထိုင်းမှာ နေတာ ကြာတဲ့ ဗမာပြည်က အမျိုးတွေ မတွေ့တာ နှစ်နှစ်ဆယ်ကြာပြီ၊ သူတို့နဲ့လည်း တွေ့တယ်။ ဝမ်းသာကြတယ်”
ထင်းရှူးပင်တွေ အဖူးဖူးတဲ့အချိန်၊ ချယ်ရီ၊ မက်မန်းနဲ့ မက်မွန်ပန်းတွေ အပွင့် ပွင့်တဲ့အချိန် မြန်မာပြည်မှာ လုပ်ခဲ့တဲ့ လားဟူရိုးရာ နှစ်သစ်ကူးပွဲတော်ကို လွမ်းတယ်လို့လည်း ဆိုပါတယ်။
လားဟူ လူမျိုးတွေဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နဲ့ အနီးတစ်ဝိုက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကျောက်မဲနဲ့ နမ္မတူမြို့အနီးတစ်ဝိုက်၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်တွေမှာ နေထိုင်ကြတာပါ။
ဒါ့အပြင် တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘာဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ် ၊ သြစတေးလျနဲ့ အနောက်နိုင်ငံ အချို့မှာလည်း နေထိုင်ကြပါတယ်။