ဖယ်ဒရယ်ဆိုတာ နယ်မြေဒေသကိုပေးတာ၊ လူမျိုးကိုပေးတာမဟုတ်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးမတည်ငြိမ်မှုဟာ အတိတ်ကနိုင်ငံရေးဖြစ်စဥ်နဲ့ ပြည်ပသြဇာလွှမ်းမိုးမှုတွေကြောင့်ဟုဆို။

“ဖက်ဒရယ်ဆိုတာ နယ်မြေဒေသအပေါ် အခြေခံတဲ့ ဖက်ဒရယ်ဖြစ်ပြီး လူမျိုးစုကိုပေးတဲ့ ဖက်ဒရယ် မဟုတ်ဘူး”လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က မေ ၂၆ ရက်နေ့က ပြောဆို လိုက်ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားမယ် လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်က “လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေဟာ အတိတ်က နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပြည်ပသြဇာလွှမ်းမိုးမှုတွေကြောင့် ဖြစ်ခဲ့ရတာ”လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ NGO၊ INGO အဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့လည်း သူက စွပ်စွဲပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) အချို့နဲ့ အောက်ခြေအဆင့် ထိတွေ့ ဆွေးနွေးမှုတွေ ရှိနေပြီဖြစ်ပြီး လာမယ့် ငါးနှစ်အတွင်း ထာဝရငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းသွားမယ် လို့လည်း စစ်အာဏာသိမ်းခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကို မကျေနပ်တာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်တပ်နဲ့ NUG ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ ဖက်ဒရယ်အဓိပ္ပါယ်ဖွင့်ဆိုပုံနဲ့ အခြေခံယူဆချက်တွေ သိသိသာသာ ကွဲပြားနေတယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က ဖက်ဒရယ်ကို နယ်မြေဒေသအခြေခံတဲ့ စနစ်အဖြစ် ပိုမြင်တာရှိတယ်။ ဒါပေမဲ့ NUG နဲ့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေကတော့ ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားလူမျိုးတွေရဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အာဏာခွဲဝေမှုကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်လို့ သတ်မှတ်ထားကြတယ်”

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ Federal Democracy Charter မှာလည်း ပြည်နယ်တွေဟာ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိရမယ်လို့ ဖော်ပြထားပြီး တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အချက်တွေ ထည့်သွင်းထားတာ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

မေလ ၂၆ ရက်နေ့က အစည်းအဝေးမှာ စစ်အာဏာသိမ်းခေါင်းဆောင်ဟာ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းကို အကြိမ်ကြိမ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးခေါင်း‌ဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့အပြီး ပေါ်ပေါက်လာတဲ့ NUG နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေဟာ တိုင်းရင်းသား တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။