တိုက်ပွဲကြောင့် လိုင်ဇာမှာ စားသောက်ကုန်ရှားပါးနေ

RFA Burmese
2023.07.28
တိုက်ပွဲကြောင့် လိုင်ဇာမှာ စားသောက်ကုန်ရှားပါးနေ လိုင်ဇာမြို့ ဈေးတစ်နေရာအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
RFA

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့နားမှာ စစ်ကောင်စီ တပ်တွေရဲ့ ထိုးစစ်ကြောင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်း ပိတ်ထားရတဲ့အတွက် လိုင်ဇာမြို့မှာ ကုန်ပစ္စည်းတွေရှားပြီး ဈေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေက KIA ဌာနချုပ်အနီး နမ်ဆန်ယန် ကျေးရွာဘက်ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

“တစ်မြို့လုံးအနေနဲ့ ခြုံပြောမယ်ဆိုရင်လည်း နောက်ထပ်ရက်နှစ်ပတ်စာလောက်ပဲရှိတယ်"

ဒါကြောင့် ဇူလိုင် ၃ ရက်နေ့ကတည်းကစပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းကို နှစ်ဖက်တပ်တွေက ပိတ်ထားလိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှု ခက်သွားတာပါ။

တစ်လလောက်ဆိုရင် စားသောက်ကုန်တွေ ပြတ်သွားနိုင်တယ်လို့ လိုင်ဇာမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေါ်စန်းမာဝင်းက ပြောပါတယ်။

“တစ်မြို့လုံးအနေနဲ့ ခြုံပြောမယ်ဆိုရင်လည်း နောက်ထပ် ရက်နှစ်ပတ်စာလောက်ပဲ ရှိတယ်။ တစ်လစာတော့ မရှိလောက်ဘူး။ ကျွန်မ အမြင်ပေါ့နော်။ တရုတ်ကဝင်တဲ့ ပစ္စည်းနဲ့ ကျွန်မတို့ ဒီလိုင်ဇာကလူတွေက တရုတ်ကပစ္စည်းတွေ မကြိုက်ကြဘူးလေ။ တရုတ်က ဝင်နိုင်တာကလည်း ကုန်စိမ်းတွေ၊ ခေါက်ဆွဲခြောက်တို့ပဲ ဝင်တယ်လေ။ တခြားဆီတွေ၊ ဘာတွေ ဆန်တွေလည်း လိုတယ်လေနော်။ ဒီမှာလေ လူဦးရေက တော်တော်များများတာကို”

ဗန်းမော်-လွယ်ဂျယ်-မိုင်ဂျာယန်- လိုင်ဇာ ဘက်လမ်းကနေ သယ်ရင်လည်း လမ်းလည်း မကောင်းသလို ခရီးလည်းဝေးတဲ့အတွက် သယ်ယူစရိတ် အရင်ကထက် နှစ်ဆ ပိုပြီးဈေးကြီးသွားတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား-လိုင်ဇာလမ်းကဆို ကားတစ်စီးစာကို ငါးသိန်းနဲ့သယ်လို့ရပေမယ့် ဗန်းမော် ဘက်ကသယ်ရင် ၁၀ သိန်းအထိပေးရတယ်လို့ ပြောပါတယ်။

အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး လိုင်ဇာမြို့ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် ဒေါ်ဂျာရော်ကလည်း နေ့တိုင်း ကုန်ဈေးနှုန်းတွေ တက်လာတော့ စိတ်ပူလာတယ်လို့ ပြောပါတယ်။

“ကျွန်မတို့က စစ်ဘေးဒုက္ခသည်တွေဆိုတော့ ဟင်းသီးဟင်းရွက်တွေလည်း မစိုက်ထားနိုင်တော့ ဈေးမှာပဲသွားဝယ်စားရတာ။ နေ့စဉ်နေ့တိုင်း ဆီ၊ ဆားတွေကအစ ဈေးတွေတက်လာတော့ စိတ်ညစ်လာတယ်။ မြစ်ကြီးနား၊ ဗန်းမော်လမ်းမပေါက်ရင် ကုန်ပစ္စည်းကလည်းဘယ်ကမှ မရောက်တော့ဘူး။ ရှိတဲ့ပစ္စည်းတွေကလည်း တစ်ရက်ပြီးတစ်ရက် ဈေးနှုန်းက တက်တက်သွားတယ်။ နှစ်လ၊ သုံးလလောက် လမ်းပိတ်တာကြာသွားရင်တော့ ဘယ်လိုလုပ်ပြီး အသက်ရှင်မလဲဆိုတာကို တွေးပြီးစိတ်ပူနေတယ်”

ဆေးဝါးတွေလည်း ပြတ်လာပြီလို့ ပြောပါတယ်။

တိုက်ပွဲကြောင့် လမ်းပိတ်ထားရတာကြာ နိုင်သေးတဲ့အတွက် လိုင်ဇာမြို့မှာ ကုန်ပစ္စည်း ပြတ်လတ်တာတွေ ရှိလာနိုင်တယ်လို့လည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“မြစ်ကြီးနား-ဗန်းမော် ကားလမ်းပိတ်တာကတော့ အခုလည်း ကြာဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက် ကုန်ပစ္စည်းတွေ ဈေးတက်တာတွေ၊ မရှိတာတွေ အဓိကတော့ မရှိတာတွေ အခက်အခဲကတော့ ကြုံမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြည်သူလူထု ကလည်း အဲဒီအခက်အခက်ကတော့ ဘယ်လိုနည်းနဲ့မှ ရှောင်လွဲလို့မရဘူးလို့တော့ ကျွန်တော် ထင်ပါတယ်”

၁၀ ရက်ကျော်အတွင်းမှာ တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး လက်နက်ကြီးတွေ နဲ့လည်း နေ့တိုင်း ပစ်ခတ်နေတယ်လို့လည်း ပြောပါတယ်။

လိုင်ဇာမြို့မှာ သားငါးရောင်းတဲ့ ဦးဂေါ်လူလတောင်ကလည်း လမ်းပိတ်သွားတော့ တရုတ်ဘက်ကဝင်တဲ့ ငါးတွေပဲရောင်းနေရတယ်လို့ ပြောပါတယ်။

“လမ်းပိတ်သွားတော့ ငါးတွေ မျိုးစုံမရတော့ဘူး။ ငါးဆုပ်၊ ငါးချဉ်ကစ ကြက်တွေကအစ ငါးတွေ တစ်ခုမှ မရတော့ဘူး။ တရုတ်ကတော့ ငါးနှစ်မျိုးတော့ဝင်တယ်၊ ငါးခူနဲ့ ငါးကျင်းဝင်တယ်။ အဲဒါကလည်း တရုတ်ငွေပဲယူတော့ ဈေးကကြီးနေတယ်၊ အခုက တရုတ်ငွေကလည်း ဈေးကြီးနေတယ်လေ။ တရုတ်ငွေနဲ့ ပြန်ရောင်းတော့ ငါးတစ်ပိဿာ ၁၅၀၀၀ ထိ ရောက်သွားတယ်။ မြစ်ကြီးနားဘက်ကယူရင်တော့ တစ်ပိဿာ ဈေးကြီးဆုံး ၁၂၀၀၀ လောက်ပဲ။ ဆက်ကြာသွားရင်တော့ ပြည်သူတွေအတွက်ခက်ခဲတယ်”

တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေ ၄၅၀ ဝန်းကျင်ဖြစ်နေလို့ ပိုပြီးဈေးကြီးသွားတာ ဖြစ်ပါတယ်။

လိုင်ဇာမြို့ ဈေးတစ်နေရာအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
လိုင်ဇာမြို့ ဈေးတစ်နေရာအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဗန်းမော်ဘက်က သယ်မယ်ဆိုရင်လည်း လမ်းခရီးက နှစ်ရက်သွားရတဲ့အတွက် အသားငါးတွေ သယ်ဖို့ခက်ခဲနေတယ်လို့ ပြောပါတယ်။

လိုင်ဇာဒေသခံ ဒေါ်ခါးတောမ်က ကုန်ဈေးနှုန်းတွေကြီးလာတာသာမက နိုင်ငံရေး အခြေအနေလည်း မကောင်းတော့ ကလေးတွေအတွက် စိတ်ပူနေတယ်လို့ ပြောပါတယ်။

“အသားငါးတွေကလည်း အရင်က တစ်သောင်းဖိုးလောက် စားရရင် အခုက နှစ်သောင်းဖိုးလောက်မှရတာ နှစ်ဆ ၃ ဆလောက် တက်သွားတယ်။ ကလေးတွေက နေ့တိုင်းစားရတယ်၊ ထမင်းပဲကျွေးပြီး ဟင်းမကောင်းရင်လည်း မစားဆိုတော့ ကျွန်မတို့ အမေတွေက စိတ်မကောင်းဘူးပေါ့။ ဝယ်စားဖို့လည်း ပိုက်ဆံမရှိဘူးဆိုတော့။ နိုင်ငံရေးကလည်း ပြန်ရှုပ်လာ ဟိုတစ်လောက လက်နက်ကြီးတွေ ဒီဘက်တွေမှာလည်း ကျတော့ ညလည်း အိမ်မပျော်ဘူး။ ကလေးတွေ ကျောင်းမတက်နိုင်တော့မှာကိုလည်း စိတ်ပူနေတယ်”

စစ်ကောင်စီဘက်ကလည်း အင်အားထပ်တိုးနေတဲ့အတွက် တိုက်ပွဲတွေ ပိုပြီးပြင်းထန် လာနိုင်သလို ပိုပြီးကြာလာနိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ပြည်သူတွေကတော့ လမ်းအမြန်ပွင့်ဖို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။